News

POST TYPE

NEWS

အခက်အခဲများကို အကောင်းဆုံးကျော်ဖြတ်မည်ဟု ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအောင်လ ပြောကြား
22-May-2020


ရန်ကုန်၊ မေ ၂၀

One Championship ဝိတ်တန်း နှစ်ခုပိုင်ရှင် အောင်လအန်ဆန်သည် ယခုနှစ်အတွင်း မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲအပြင် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါး ပတ်ကာကွယ်ပွဲကိုပါ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  အခက်အခဲနှင့် စိန်ခေါ်မှုများကို အကောင်းဆုံး ကျော်ဖြတ်မည်ဟု ပြောသည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်မည့်ပြိုင်ဘက် ပေါ်ထွက်လာသော်လည်း လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်ကာကွယ်ပွဲအတွက် ပြိုင်ဘက်ထွက်ပေါ်လာခြင်းမရှိသေးပေ။ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် လက်ရှိ ချန်ပီယံအောင်လနှင့်ဘစ်ဒက်ရှ် တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

"ကျွန်တော့်အတွက် ဘယ်လိုအခက်အခဲပဲရှိရှိ အကောင်းဆုံးကြိုးစားပြီး အပြုံးနဲ့ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ လက်ရှိတော့ အရမ်းကိုကောင်းမွန်တဲ့ နည်းပြဆရာတွေနဲ့လေ့ကျင့်ရင်း ပြိုင်ပွဲတွေအတွက် ပြင်ဆင်နေပါတယ်။ပြိုင်ပွဲတွေကို မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ" ဟု အောင်လအန်ဆန်က ပြောသည်။

အဆိုပါချန်ပီယံခါးပတ်လုပွဲစဉ် ရွှေ့ဆိုင်းခဲ့သော်လည်း လက်ရှိချန်ပီယံအောင်လက လေ့ကျင့်မှုအဆက်မပြတ် ပြုလုပ်နေပြီး ပြိုင်ပွဲယှဉ်ပြိုင်ရန် မစောင့်နိုင်တော့ကြောင်း အောင်လက ဆိုသည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဧပြီလ ၁၀ ရက်တွင်  အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း COVID-19 ကြောင့် ပွဲစဉ်ကို မေလ ၃၀ ရက် အထိရွှေ့ဆိုင်းခဲ့သည်။သို့သော် ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် မေလ ၃၀ ရက်တွင် ကျင်းပမည့် ပြိုင်ပွဲကိုလည်း ထပ်မံရွှေ့ဆိုင်းခဲ့ပြီး ပြိုင်ပွဲကျင်းပရေးက ကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။

ပွဲစဉ်ရွှေ့ဆိုင်းခဲ့သော်လည်း အောင်လအန်ဆန်သည် လေ့ကျင့်မှုကို ရပ်နားခဲ့ခြင်းမရှိဘဲ ဆက်လက်လေ့ကျင့်မှုများ ပြုလုပ်နေပြီး ပြိုင်ပွဲကိုဇွန်လတွင် ပြန်လည်ကျင်းပဖွယ်ရှိနေသည်။

"ပြိုင်ပွဲကြိုးဝိုင်းထဲမှာ ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ဖို့ မစောင့်နိုင်တော့ပါဘူး။ လက်ရှိ ကျွန်တော့်ကို လေ့ကျင့်ပေးနေတဲ့  ဂန္ထဝင်နှစ်ဦးစီက ပညာတွေအများကြီး လေ့လာခွင့်ရခဲ့ပါတယ်"ဟု အောင်လအန်ဆန်ကပြောသည်။

အောင်လနှင့်ဘစ်ဒက်ရှ်တို့သည်  နှစ်ကြိမ်တွေ့ဆုံထားပြီး ပထမဆုံးအကြိမ်က ဘဒ်ဒက်ရှ်က ၎င်း၏ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အောင်လကို ချန်ပီယံခါးပတ် လွှဲပြောင်းပေးခဲ့ရသည်။

ချန်ပီယံဟောင်းဘစ်ဒက်ရှ်သည် ၎င်း၏ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ရန် စိတ်အားထက်သန်နေသန်ပြီး အောင်လကို ပြန်လည်အနိုင်ယူရန် ပြင်ဆင်မှုများပြုလုပ်ထားကြောင်းဆိုသည်။

အောင်လအန်ဆန်သည် ဝမ်းချန်ပီယံရှစ် နောက်ဆုံးခုနစ်ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ယင်းခုနစ်ပွဲအနက် တစ်ပွဲမှာချုပ်ကွက်၊ တစ်ပွဲမှာ အမှတ်နှင့်ငါးပွဲမှာဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။                     

ချစ်ဝိုင်း