News

POST TYPE

NEWS

ဆိုင်ကလုန်းအန်ဖန်ကြောင့် ကိုးလ်ကတ္တားတွင် လူ ၁၄ သန်းခန့် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးပြတ်တောက်
22-May-2020
ကပ်ရောဂါကာလဖြစ်၍ ခက်ခဲကျပ်တည်းစွာ ရွှေ့ပြောင်းရေးများ လုပ်ဆောင်ခဲ့ရသည်

ကိုးလ်ကတ္တား၊ မေ ၂၁

အင်အားပြင်းသော ဆူပါဆိုင်ကလုန်း အန်ဖန်ကိုးလ်ကတ္တားမြို့ကို ဝင်ရောက်တိုက်ခိုက်သွားခဲ့ပြီးနောက်တွင် ပြည်သူ ၁၄ သန်းခန့် လျှပ်စစ်မီးပြတ်တောက်နေပြီး ဆက်သွယ်ရေးများလည်း ချွတ်ယွင်းလျက်ရှိသည်ဟု သတင်းများကဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆိုင်ကလုန်းအန်ဖန် ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားသည်။

အဆိုပါ သဘာဝဘေးဒဏ်သည် Covid-19 ထက် ပိုဆိုးနေကြောင်း အနောက်ဘင်ဂေါပြည်နယ် ဝန်ကြီးချုပ် မာမာတာဘနာဂျီက ပြောကြားသည်။ 

အနောက်ဘင်ဂေါပြည်နယ် ကိုးလ်ကတ္တားမြို့တော်တွင် Covid-19ကူးစက်ခံရသူ ၃၁၀၃ ဦးရှိသည်။ 

မြို့ကြီး၏နေရာအများအပြား ပျက်စီးသွားခဲ့ပြီး စစ်ပွဲတစ်ခုပြီးသွားသည့် အခြေအနေမျိုးကို မြင်နေရကြောင်း မစ်စ်ဘနာဂျီ က Press Trust of India သတင်းအေဂျင်စီကို ပြောကြားထားသည်။ 

အနောက်ဘင်ဂေါ ပြည်နယ်တစ်ခုတည်းတွင် သေဆုံးသူ ၁၀ ဦးကျော်ရှိခဲ့ပြီး တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းခရိုင်တို့မှာ အဆိုးဝါးဆုံး ထိခိုက်ခဲ့ရသည်။ 

မြို့တော်အနှံ့အပြားနှင့် အနီးအနားဒေသများတွင် မီးပြတ်နေသည်မှာ ၁၇ နာရီခန့် ရှိပြီဖြစ်ကြောင်း ကိုးလ်ကတ္တားမြို့ အခြေစိုက် BBC သတင်းထောက် အမီတာဘာဘာတာဆာလီက ပြောကြားသွားသည်။ 

မုန်တိုင်းပြင်းထန်စွာ တိုက်ခိုက်သွားသောနေရာများတွင် မိုဘိုင်းလ်ဖုန်းကွန်ရက်များလည်း မမိတော့ကြောင်း သတင်းများက ဖော်ပြထားသည်။ 

မြို့ခံများက ဗီဒီယိုများရိုက်ကာ လူမှုကွန်ရက်ပေါ်တွင် မုန်တိုင်းအတွေ့အကြုံကို တင်နေကြပြီး ဗီဒီယိုတစ်ခုထဲတွင် ထရန်စဖော်မာတစ်ခု ပေါက်ထွက်သွားသည်ကို တွေ့ရသည်။ 

ဆူပါဆိုင်ကလုန်းအန်ဖန်သည် Covid-19 ကပ်ရောဂါကျရောက်နေစဉ် ဝင်ရောက်လာခဲ့ခြင်းဖြစ်သဖြင့် နေရာ ရွှေ့ပြောင်းရေးလုပ်ငန်းများ အလွန်ခက်ခဲခဲ့သည်။  

F-02