News

POST TYPE

NEWS

၀မ်းတွင်းမြို့နယ်တွင် ကရိန်းဝန်ချီတန်းပြုတ်ကျသဖြင့် အလုပ်သမားတစ်ဦးသေဆုံး
22-May-2020
ဓာတ်ပုံ-သန္တိသုခ

မိတ္တီလာ၊ မေ ၂၁

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ရွှေကူကျေးရွာအနီးရှိ တစ်ရှူးစက်ရုံ အဆောက်အအုံအတွင်း၌ မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကရိန်းဝန်ချီတန်း ပြုတ်ကျရာမှ အလုပ်သမားတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံလူထုထံမှ စုံစမ်းသိရသည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က ဝမ်းတွင်းမြို့နယ် ဆင်ချီတိုင်ကျေးရွာအုပ်စု ရွှေကူကျေးရွာအနီး မိုင်တိုင်အမှတ် ၃၄၈/၃နှင့် ၃၄၈/၄အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သွားသည့် ကွန်ကရစ်ကားလမ်းဘေးရှိ တစ်ရှူး စက်ရုံအဆောက်အအုံအတွင်း အမျိုးသားတစ်ဦး ကရိန်းပိ၍ သေဆုံးခဲ့ကြောင်း၊ သတင်းအရ ရွှေတောင်နယ်မြေ စခန်းမှူး ရဲအုပ်ယဉ်ထွေး ဦးစီးသော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူမှာ ပဲခူးတိုင်း ဝေါမြို့နယ် အဗျားငှက်ချေးဝင်းရွာနေ စက်ပြင်လုပ်ကိုင်သူ ဦးထွန်းလွင်အောင် ၂၉ နှစ် ဖြစ်ကြောင်း၊ ၎င်းသည် ကရိန်းဝန်ချီတန်းပိရာ မှရရှိခဲ့သောဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ်ဆေး တွေ့ရှိရကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါလူသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ စက်ရုံအတွင်းရှိ အဆောက်အအုံအလယ်ခေါင်တိုင်တွင် အရှေ့အနောက်သွယ်တန်းထားသော ကရိန်းဝန်ချီတန်းကြိုးအား ပစ္စည်းမတင်ရန် အလုပ်သမားခေါင်းဆောင် ကိုခင်မောင်မြင့် က ဝန်ချီကြိုးအားတင်းနေစဉ် ကရိန်းဝန်ချီ တန်းပြုတ်ကျရာ အောက်တွင်ရှိနေသူ အလုပ်သမားထွန်းလွင်အောင်၏အပေါ်ပိ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သေဆုံးသူကို ရဲဆေးစာနှင့်အတူ သန္တိသုခလူမှုကူညီရေးယာဉ်ဖြင့် ဝမ်းတွင်း မြို့နယ်ဆေးရုံသို့ ပို့အပ်ပေးခဲ့ကြောင်းလည်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်အရ စက်ကိရိယာများကို ကိုင်တွယ်ရာတွင် တာဝန်ရှိသူ ဝေါမြို့ နယ် အဗျားငှက်ချေးဝင်းကျေးရွာမှ စက်ပြင် အလုပ်သမားခေါင်းဆောင် ကိုခင်မောင်မြင့် (၃၅ နှစ်) အား အရေးယူပေးရန် ဒုရဲအုပ်ဖိုးထောင်၏ တိုင်ကြားချက်အရ ဝမ်းတွင်း မြို့နယ် ရေတောင်နယ်မြေ ရဲစခန်းက (ပ)၅၄/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ၃၀၄- ကဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01