News

POST TYPE

NEWS

မန္တလေးမြို့ရှိ စားသောက်ဆိုင်၊ အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့်ပေးရန်စီစဉ်
22-May-2020
ကန့်သတ်တားမြစ်ထားစဉ် ကာလအတွင်း ပါဆယ်စနစ်ဖြင့်ရောင်းချနေသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ရဲလွင်(မြို့တော်ဝန်))

မန္တလေး၊ မေ ၂၁

မန္တလေးမြို့တော်ရှိ စားသောက်ဆိုင်၊ အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ရရှိတော့မည်ဖြစ်သည်။

ထိုသို့ ခွင့်ပြုပေးနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ကိုယ်ပိုင်လူမှုကွန်ရက်စာ မျက်နှာမှတစ်ဆင့် မေလ ၂၀ ရက်နေ့က ရေးသားတိုက်တွန်းခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ထားရမည်ဖြစ်ပြီး စစ်ဆေးမှုများ ဆောင်ရွက်၍ ဆိုင်ထိုင်ရောင်းချခွင့် ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

"ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးမှာ အဓိကအကျဆုံးဖြစ်တဲ့ MASK ကိုစားသောက်ချိန်မှာဖြုတ်ထားတာ၊ လူ ၅ ယောက်ထက်ပိုထိုင်ဖြစ်တာ၊ မလိုအပ်ဘဲ အချိန်အကြာကြီးထိုင်တာတွေကို လုံးဝပြောင်းလဲဖို့က အရေးအကြီးဆုံးပါ"ဟု ၎င်းက ပြောဆိုသည်။

စားသောက်ဆိုင်ဖွင့်ထားသူများ နှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် ၃၁ ချက်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မန္တလေးစည်ပင်ကလည်း အသိပေးထုတ်ပြန်ထားသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် မန္တလေးတိုင်းအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်ရောင်းချရန် မတ်လ ၂၅ ရက်နေ့တွင် တိုင်းအစိုးရက ဒေသန္တရတားမြစ်မိန့်ထုတ်ပြန်ခဲ့သည့်အတွက် ဆိုင်များပိတ်ထားရသည်မှာ နှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။

"ပိတ်ထားရတာကြာပြီဆိုတော့ ပါဆယ်စနစ်မှာ ရောင်းအားက သိသိသာသာ ကျသွားတယ်။ ဝန်ထမ်းတွေ လစာပေးဖို့တောင် ခက်သွားတယ်။ ဘာပဲပြောပြော ပြန်ဖွင့်ခွင့်ရတော့ အနည်းနဲ့အများ အဆင်ပြေသွားမယ်ထင်တယ်"ဟု မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပြင်ဆင်ရန် အချိန် ၁၀ ရက်(ခန့်)ပေးသွားမည်ဖြစ်ပြီး  ပြင်ဆင်ပြီးစီးကြောင်း အကြောင်းကြားလာပါက သတ်မှတ်အဖွဲ့ဖြင့်စစ်ဆေး၍ ကျေနပ်မှုရှိမှသာ ဆိုင်ထိုင်စားသောက်သူများကို ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှသိရသည်။

သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆိုင်များအား ပထမအကြိမ်တွင် သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် ဒဏ်ငွေတပ်ခြင်းနှင့် တတိယအကြိမ်ဆိုပါက ကာလတစ်ခုအထိ ပိတ်သိမ်းခံရမည်ဟု ယင်းကော်မတီက  ထုတ်ပြန်ကြေညာထားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ စားသောက်ဆိုင်၊ အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၃၄၁၈ ဆိုင် ရှိကြောင်း စည်ပင်သာယာရေးကော်မတီ၏ မှတ်တမ်းများအရ သိရသည်။   

ဘုန်းနေ