News

POST TYPE

NEWS

စင်ကာပူမှ မြန်မာနိုင်ငံသား ၁၄၅ ဦး ထပ်မံရောက်ရှိ၊ စုစုပေါင်း ၇၀ဝ ကျော် ပြန်ရောက်
22-May-2020
ရန်ကုန်၊ မေ ၂၁

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၄၅ ဦးသည် မေ ၂၁ တွင် ထပ်မံရောက်ရှိလာသည့်အတွက် စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အရေအတွက်သည်  ၇၀ဝ ကျော်အထိရှိလာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံသို့ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စီမံချက်များနှင့် နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်နားထားခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ စင်ကာပူနိုင်ငံတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများကို မေလ ၇ ရက်နေ့မှ စတင်ခေါ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ ခေါ်ဆောင်ရာတွင် မေလ ၇ ရက်နေ့က ၁၄၄ ဦး ၊ မေလ ၉ ရက်နေ့က ၁၄၄ ဦး ၊ မေလ ၁၃ ရက်နေ့တွင် ၁၄၅ ဦး ၊ မေလ ၁၆ ရက်နေ့က ၁၄၄ ဦး ၊ ယခု မေလ ၂၁ ရက်နေ့တွင် ၁၄၅ ဦးတို့ အသီးသီး ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

မေလ ၂၁ ရက်နေ့တွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်လိုက်ပါလာသူများမှာ ကာလတိုရောက်ရှိနေစဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားရန် ရောက်ရှိနေသည့် ကျောင်းသားကျောင်းသူများ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း၊ ရပ်နားခံရသူများ ပါဝင်သည်။

ပြန်လည်ရောက်ရှိလာသည့် စင်ကာပူရောက် မြန်မာနိုင်ငံသားများထဲတွင် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ မရှိသေးသော်လည်း မလေးရှားနိုင်ငံနှင့် ယူအေအီးနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူများထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြန်လည်ရောက်ရှိလာသူများထဲတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများမှာ ရောဂါပိုးကူးစက်ခံထားရမှု အများဆုံးဖြစ်နေပြီး မေလ ၂၀ ရက်နေ့ကလည်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၇ ဦး ထပ်မံရောက်ရှိလာသည့်အတွက် ၎င်းတို့အားလုံးကို အသွားအလာကန့်သတ်မှု နှင့် ဓာတ်ခွဲနမူနာရယူရန်တို့ကို စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။         

S-09