News

POST TYPE

NEWS

ရန်ကုန်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သူ ၁၃ ဦးကို ပထမဦးဆုံး အရေးယူ
14-May-2020


ရန်ကုန်၊ မေ ၁၃

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၌ မေလ ၁၃ ရက်နေ့လယ်ပိုင်းတွင် Mask မတပ်ဘဲ အပြင်ထွက်သူ ၁၃ ဦးကို တရားရုံးတွင် ဒဏ်ငွေရိုက် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁) မှ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

ပုဇွန်တောင်မြို့နယ်အတွင်း ရဲတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်ကာကွယ်ရေးကော်မတီများပါဝင်၍ လိုက်လံစစ်ဆေးရာတွင် ပုဇွန်တောင်ဈေးရှေ့၊ ရေကျော်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် Ocean ရှေ့တို့တွင် Mask မတပ်ဘဲ အပြင်ထွက်သူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ပုဇွန်တောင်တရားရုံးသို့ ခေါ်ဆောင်၍ တစ်ဦးလျှင် ဒဏ်ငွေ ၅၀ဝ၀ ကျပ် ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်သည်။ 

"Mask မတပ်ရင် အရေးယူမယ်၊ ငါးယောက်ထက်ပိုစုရင် အရေးယူမယ်ဆိုပြီး မနေ့က (မေ ၁၂ ရက်) ကြေညာထားတယ်။ အခုလူတွေက ပုဇွန်တောင်မြို့နယ်က လူတွေတော့မဟုတ်ဘူး။ အပြင်ကလူတွေ၊ လမ်းမမှာသွားနေတဲ့ လူတွေပါပဲ" ဟု တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁)မှ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

ယင်းဥပဒေသည် ဒေသန္တရအမိန့်များတွင် ပါဝင်ခြင်းဖြစ်ပြီး မန္တလေးတိုင်းတွင်လည်း Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာလျှင် တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရက မေ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

"သူများအတွက်ရော၊ ကိုယ့်အတွက်ရော Mask တော့ တပ်သင့်တယ်။ ကျွန်မအလုပ်သွားရင် မြင်နေရတယ်၊ Mask မတပ်ဘဲ သွားနေတဲ့လူတွေကို တော်တော်စိတ်ပျက်ဖို့ကောင်းတယ်" ဟု ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။

ရန်ကုန်ဘူတာကြီးတွင် မေလ ၁၃ ရက်မှစ၍ Mask မတပ်လျှင် မြို့ပတ်ရထား စီးခွင့်ပြုမည်မဟုတ်ကြောင်း မေလ ၁၂ ရက်နေ့၌ အသိပေးကြေညာခဲ့သည်။

J-02