News

POST TYPE

NEWS

COVID-19 ကြောင့် ဧရာဝတီတိုင်းတွင် ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျဆင်း
12-May-2020


ပုသိမ်၊ မေ ၁၁

ဧရာဝတီတိုင်း၏ အဓိက ကုန်ထုတ် ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှာ COVID-19 ရောဂါ ဖြစ်ပေါ်မှုကြောင့် ၇၀ ရာခိုင်နှုန်းကျဆင်းသွားပြီး ၃၀ ရာခိုင် နှုန်းခန့်သာ လုပ်ကိုင်နိုင်တော့ကြောင်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း ရှင်များထံမှ သိရသည်။

ယခင်က ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေထွက်ပစ္စည်းများကို ပြည်ပသို့ ၅၀ ရာခိုင်နှုန်း၊ ပြည်တွင်း၌ ၅၀ ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ အဓိက ဈေးကွက်ဖြစ်သည့် တရုတ်ဈေးကွက် ပျောက်သွားခြင်း၊ ပြည်တွင်းရှိလုပ်ငန်းများ ရပ်တန့်သွားခြင်း၊ Lockdown ချထားခြင်းတို့ကြောင့် ဝယ်လိုအားလျော့ ကျလာသည့်အတွက် ၃၀ ရာခိုင်နှုန်းသာ လုပ်ကိုင်နိုင်တော့ခြင်းဖြစ်သည်။

“COVID ကာလမှာ လုပ်ငန်း အကျပ်အတည်းဖြစ်လာတယ်။ ၃၀ ရာခိုင် နှုန်းလောက်ပဲ ကျွန်တော်တို့လုပ်ငန်း ရှင်သန်တော့တယ်။ လက်ရှိအခြေအနေမှာ အကျိုးအမြတ်ဆိုတာထက် ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအတွက် အဓိက ထားလုပ်နေရတယ်” ဟု ကွန်းအဏ္ဏဝါ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးခင်ဝင်းအောင်က The Voice Daily သို့ ပြောဆိုသည်။

ပြည်ပသို့တင်ပို့မှု ရပ်ဆိုင်းသွားခြင်းနှင့် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်များ ပိတ်ထားခြင်းမှာ လနှင့်ချီ၍ ဖြစ်နေမှုနှင့် အလုပ်လက်မဲ့ ပြဿနာများက ငွေကြေးသုံးစွဲမှုကျဆင်းစေပြီး ငွေကြေးလည်ပတ်စီးဆင်းမှုများကို တိုက်ရိုက်သက်ရောက်နေသဖြင့် ဆက်လက်ရပ်တည်ရန်ခက်ခဲနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အရင်က အလုပ်မပြတ်ဘူး။ ခုတော့ တစ်ရက်ခြားအလုပ်ဆင်းရတယ်။ အရင်က ကုန်တင်ကုန်ချပေးတာအပါ အဝင် ကုန်ချိန်အဝင်ပေါ်မူတည်ပြီး တစ်နေ့ တစ်သောင်းခွဲနှစ်သောင်းရတယ်။ ခုတော့ လေးပုံတစ်ပုံလောက် ဝင်ငွေလျော့သွားတယ်” ဟု ရေထွက်ပစ္စည်း ဝယ်ယူရေးဒိုင်မှ လုပ်သား ဦးဆန်းအောင်ထွန်းက ပြောကြားသည်။

COVID 19 အရေးပေါ်ကာလ ူသခိုသတည ချထားခြင်းကြောင့် သွားလာရေးအဆင်မပြေ၍ ဈေးကွက်များပျောက်သွားပြီး ဒေသတွင်းစားသုံးမှုကိုသာ အဓိကထားနေရကြောင်း၊ ယခင် ရောင်းဝယ်မှု၏ သုံးပုံတစ်ပုံခန့်သာ ရောင်းဝယ်မှုရှိနေကြောင်း၊ ပုသိမ်ခရိုင်အတွင်း၌ ရေလုပ်ငန်းကုမ္ပဏီများနှင့် တစ်နိုင် တစ်ပိုင်လုပ်ငန်းရှင် ၃၀၅ ဦးရှိကာ ပုသိမ် မြို့နယ်အတွင်းမှ နေ့စဉ် ပျမ်းမျှ ငါးပိဿာချိန် ၂၅၀၀ အများဆုံးနှင့် ပုစွန်ပိဿာချိန် ၁၅၀၀ အများဆုံးတင်ပို့ကြောင်း၊ COVID-19 ရောဂါ အရေးပေါ်ကာလ ကျော်လွန်မှသာ လုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပုသိမ်ခရိုင် ငါးလုပ် ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောကြားသည်။

ပုသိမ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ လပွတ္တာ၊ ငပုတော၊ ငရုတ်ကောင်း၊ ငွေဆောင်၊ ချောင်းသာစသည့် ကမ်းဦး ရေတိမ်ဒေသနှင့် ဧရာဝတီတိုင်းအတွင်း နေရာအနှံ့အပြားရှိ အင်း၊ အိုင်၊ ချောင်း၊ မြစ်များမှ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန် ရေထွက်ပစ္စည်းများကို ရန်ကုန်၊ မန္တလေး ကဲ့သို့သော ပြည်တွင်းဈေးကွက်များနှင့် တရုတ်ဈေးကွက်သို့တင်ပို့ ရောင်းချ ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

R-04