News

POST TYPE

NEWS

တရုတ်အကျဉ်းထောင်မှ လွတ်လာသူ ၅၅ ဦး နမ့်ဆန်ဒေသသို့ပြန်
11-May-2020

ဓာတ်ပုံ-သောင်းထွန်း(မူဆယ်)

မူဆယ် မေ ၁၁ 

တရုတ်နိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူ ၂၄၃ ဦးအနက် နမ့်ဆန်ဒေသခံ ၅၅ ဦး မူဆယ်စခန်းမှ မေလ ၁၁ ရက်နေ့က နေရပ်ပြန်သွားပြီဟု နေရပ်ပြန်သူများ ကြိုဆိုရေးကော်မတီထံမှ သိရသည်။ 

“ဒီမနက် (မေ၁၁) ပဲ နမ့်ဆန်ကို ပြန်သွားကြပါပြီ။ ဒို့ပလောင်စာတန်းပါတဲ့ ကားခုနစ်စီးနဲ့ပြန်ကြတာ” ဟု မူဆယ်မြို့မှ နေရပ်ပြန်သူများ နေရာချထားရေးနှင့် စောင့်ရှောက်ရေးကော်မတီဝင် ဦးမျိုးခိုင်က ပြောကြားသည်။

နမ့်ဆန်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့နှင့် လားရှိုးမြို့ရှိဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်တို့စီစဉ်မှုအရ မူဆယ်မှနမ့်ဆန်မြို့သို့ တိုက်ရိုက်ပို့ဆောင်ခြင်းဖြစ်သည်ဟု မူဆယ်မြို့ရှိဒို့ပလောင်ကားအသင်းထံမှ သိရသည်။

၎င်းတို့အနေနှင့် နမ့်ဆန်သို့ပြန်ရောက်ပါက Facility Quarantine ၂၁ ရက်နေထိုင်ရမည်ဖြစ်ပြီး စခန်းနှစ်ခုတွင်ထားရှိမည်ဖြစ်ကြောင်း နမ့်ဆန်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ထံမှလည်း သိရသည်။

ဝူဟန်အကျဉ်းထောင်အပါအဝင် တရုတ်နိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံပြီးနောက် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား၂၄၃ ဦးကို တရုတ်နိုင်ငံဘက်က မေလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံဘက်သို့ လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး မူဆယ်မြို့တွင် လေးရက်ကြာနေထိုင်ခဲ့ရသည်။

R-07