News

POST TYPE

NEWS

ပဲခူးအထည်ချုပ်စက်ရုံတွင် လုပ်သားများဆူပူအုံကြွအောင် လုပ်ဆောင်ခဲ့သူများကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်
07-May-2020
ပဲခူးမြို့ ကျိုက်ပွန်ဘုရားရှေ့၌ ပဲခူးစက်မှုဇုန်မှလုပ်သားအချို့ စက်ရုံကြိုပို့ကား စောင့်ဆိုင်းနေသည်ကိုတွေ့ရစဉ်

တောင်ငူ၊ မေ ၆

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပဲခူးစက်မှုဇုန်မှ အထည်ချုပ်လုပ်သားများ ဆူမှုအုံကြွခဲ့ခြင်းနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူသုံးဦးကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။

စက်ရုံတွေ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ အမျိုးသားသုံးယောက်ကို အမှုဖွင့်မှာပါ။ တစ်ယောက်က “နာမည် စုံစမ်းနေတုန်းပဲ။ ပုဒ်မ ၅၀၅ (ခ)ကို ရဲက အမှုဖွင့်ပြီး ထွေအုပ်ကကူးစက်ရောဂါ တားဆီးကာကွယ်‌နှိမ်နင်းရေးအက်ဥပဒေနဲ့ အမှုဖွင့်ပါမယ်” ဟု ၎င်းက ရှင်းပြသည်။

စက်မှုဇုန်မှ အထည်ချုပ်စက်ရုံလုပ်သားများ မကြာခဏဆူပူမှုဖြစ်အောင် စည်းရုံးလှုံ့‌ဆော်ခဲ့သည်ဟုဆိုကာ ပဲခူးမြို့ခံနိုင်ငံရေး တကြွ်ကလှုပ်ရှားသူများဖြစ်သော ဦးနိုင်နိုင်အောင်၊ ဦးလေးနိုင်နှင့်အမည်စုံစမ်းဆဲ အမျိုးသားတစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားပြီး အသေးစိတ်အချက်လက်များကို ဥပဒေချုပ်(ပဲခူးတိုင်း) နှင့်တိုင်ပင်ညှိနှိုင်းနေသည်ဟု ပဲခူးတိုင်း အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ပုဒ်မ ၅၀၅ (ခ)နဲ့တရားစွဲဆိုထားတာတော့ သိထားပြီးပြီ။ အခုချိန်မှာ ကျွန်တော့်ဘက်က တရားရင်ဆိုင်ဖို့ အဆင် မပြေသေးပါဘူး။ သေချာပြင်ဆင်ပြီးမှ တရားရင်ဆိုင်ပါမယ်”ဟု ပဲခူးမြို့ခံ နိုင်ငံ ရေးတကြွ်ကလှုပ်ရှားသူ ဦးနိုင်နိုင်အောင်က ပြောကြားသည်။

ပဲခူးစက်မှုဇုန်ရှိ KM အထည်ချုပ် စက်ရုံအပါအဝင် စက်ရုံအချို့၌ သင်္ကြန် ကာလအပြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု  ဘေးအန္တရာယ်နှင့် အလုပ်ရှင်အလုပ်သမား ပြဿနာအချို့နှင့်ပတ်သက်၍ ဆူပူမှုများဖြစ်ပေါ်ခဲ့သော်လည်း အုပ်ချုပ်ရေး အာဏာပိုင်များနှင့်စက်ရုံ တာဝန်ရှိသူများက ပြေလည်အောင်ဖြေရှင်းပေးနိုင်ခဲ့သည်။

ပဲခူးမြို့နယ်ဥဿာမြို့သစ်အနီးတွင် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှရင်းနှီး မြှုပ်နှံမှုများဖြင့် လည်ပတ်နေသည့် အထည် ချုပ်စက်ရုံအပါအဝင် စက်ရုံပေါင်းများစွာရှိပြီး ဧပြီလမကုန်မီကတည်းက စက်ရုံအချို့ ဖွင့်လှစ်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပဲခူး မြို့ခံများအဆိုအရ သိရှိရသည်။

R-02