News

POST TYPE

NEWS

အင်းစိန်တွင် ညမထွက်ရအမိန့်ချိုးဖောက်သည့်စုံတွဲကို ဖမ်းဆီးအရေးယူ
07-May-2020
ရန်ကုန်၊ မေ ၆

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်ပွားနေသော အင်းစိန်မြို့နယ်တွင်  ညမထွက်ရအမိန့် ချိုးဖောက်သူနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အင်းစိန်မြို့မရဲစခန်းထံမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်မှုများပြုလုပ်နေစဉ် မေလ ၅ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ကိုပြည့်စုံအောင်နှင့် မဂျူးဂျူးတို့ကို အောင်ဇေယျတံတားအနီးတွင် တွေ့ရှိရ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးက  ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သဖြင့် ဖမ်းဆီးအရေးယူ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

"အဲ့အမှုတွေက တစ်ခါတည်းတရားရုံးတန်းတင်တာဗျ၊ ဒီနေ့ပဲ တရားရုံးကို အမှုတွဲတင်လိုက်ပြီ" ဟု အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သူ ကိုပြည့်စုံအောင် နှင့် မဂျူးဂျူးတို့ကို အင်းစိန်မြို့မရဲစခန်းက ပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်းစိန်မြို့နယ်တရားရုံးသို့ အမှုတွဲပေးပို့ခဲ့သည်။

အလားတူပင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ Blue Diamond အိတ်စက်ရုံတွင် မေလ ၄ ရက်နေ့က အလုပ်သမားရာနှင့်ချီကာ သပိတ်စခန်းဖွင့်စုပေါင်းတောင်းဆိုမှုကြောင့် အလုပ်သမားခေါင်းဆောင်နှစ်ဦးနှင့် အလုပ်သမားအရေးဆောင်ရွက်သူ ၄ ဦးတို့ကို ပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့်ကာ ဒဂုံဆိပ်ကမ်းတရားရုံးက ထောင်ဒဏ် ၃ လစီချမှတ်ခဲ့သည်။

J-01