News

POST TYPE

NEWS

ပုသိမ်စက်မှုဇုန်မှ အထည်ချုပ်စက်ရုံကိုးရုံ ပြန်ဖွင့်
05-May-2020

ပုသိမ်စက်မှုဇုန်မှ ဧပြီလ ၂၀ ရက်နေ့ကစ၍ ပိတ်ထားသော အထည်ချုပ်စက်ရုံများကို မေလ ၄ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ စက်ရုံသို့လာရောက်သော အလုပ်သမားများကို တွေ့ မြင်ရစဉ်

ပုသိမ်၊ မေ ၄

ပုသိမ်စက်မှုဇုန်တွင် COVID 19 ရောဂါကြောင့် ပိတ်ထားသော အထည်ချုပ်စက်ရုံကိုးရုံ မေလ ၄ ရက်နေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်လည်ပတ်ခဲ့ရာ လုပ်သားအများစု လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း ယင်းစက်မှုဇုန် ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

COVID 19 ရောဂါကာကွယ် ရေးအတွက် ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံများကို ဧပြီ ၂၀ မှ မေလဆန်းအထိ ယာယီ ပိတ်ထားခဲ့ကြောင်း၊ ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း စက်ရုံ၏ လုပ်ငန်း စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းများအတွက် ကျန်းမာရေးဆိုင်ရာ အကာအကွယ်များ စီမံပြီးစီးပြီဖြစ်၍ ပြန်လည်ဖွင့်လှစ် လည်ပတ်ခြင်းဖြစ်ကြောင်း ယင်းစက်ရုံများမှ တာဝန်ရှိသူတို့က ပြောကြားသည်။

“တိုင်းအစိုးရနဲ့ ဝန်ကြီးဌာန ညွှန် ကြားချက်အတိုင်း စက်ရုံအုပ်ချုပ်မှုအဖွဲ့က ဆောင်ရွက်ထားပါတယ်၊ အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေ စစ်ဆေးပြီးလို့ စက်ရုံတွေ ပြန်ဖွင့်ကြတာ။ အစိုးရညွှန်ကြားချက်တွေကို စက်ရုံအုပ်ချုပ်မှုပိုင်းနဲ့ ဝန်ထမ်းတွေ လိုက်နာမယ်ဆိုရင် ကျွန်မတို့ COVID 19 စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မှာပါ”ဟု အမားဗား အထည်ချုပ်စက်ရုံမှ မန်နေဂျာ ဒေါ် ကြည်ကြည်လွင်က The Voice Daily သို့ ပြောကြားသည်။

ဝန်ထမ်းများ Mask တပ်ဆင်ရန်၊ လက်ဆေးရန်တို့အတွက် စီစဉ်ထားပြီး စက်ရုံတွင်း ဝင်ရောက်လျှင်လည်းကောင်း၊ လုပ်ငန်းလုပ်ဆောင်ရာနှင့် ထမင်းစားရာ တွင်လည်းကောင်း တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာလုပ်ဆောင်ကြရန် စီမံထား ကြောင်း ၎င်းကရှင်းပြသည်။

“COVID 19 ကာကွယ်ရေး အတွက် စက်ရုံအတွင်း ဆောင်ရွက်ထားတာတွေရှိတယ်။ ဒါပေမဲ့ လျော့ရဲမသွားဖို့ အစိုးရက တာဝန်ရှိသူတွေအနေနဲ့ အထူး ကြပ်မတ်ပေးစေလိုပါတယ်။ လက်ရှိအခြေအနေမှာ ဝန်ထမ်းကြိုပို့ကားတွေက ၅ ယောက်ထက်မပိုရဘူးဆိုပေမယ့် ပိုတင်ကြတာရှိနေတယ်။ စက်ရုံထဲမဝင်ခင် လူစုလူ ဝေးဖြစ်နေတယ်”ဟု အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အိမွန်စိုးက ပြောကြားသည်။

ပုသိမ်မြို့နှင့် တစ်ဆက်စပ်တည်း ရှိသည့် ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော စသည့်မြို့နယ်များမှ လုပ်သား အင်အား တစ်သောင်းလေးထောင်ခန့် ပုသိမ်မြို့တွင်းသို့ နေ့စဉ်နှင့်အမျှ ဝင်ထွက် နေသောကြောင့် ကူးစက်မြန် COVID 19 ရောဂါနှင့်ပတ်သက်၍ မြို့ခံများက စိုးရိမ်မကင်းဖြစ်နေကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။

ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အချို့ ၂၀၁၄ ခုနှစ်မှစတင် ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စက်ရုံ ကိုးရုံရှိလာကာ စက်ရုံလုပ်သားအင်အား ၁၄၀၀၀ ကျော်ရှိကြောင်း၊ ယင်းစက်ရုံ များအနက် သီရိလင်္ကာနိုင်ငံသားပိုင် စက်ရုံတစ်ရုံပါဝင်ပြီး ကျန်စက်ရုံများမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံများဖြစ်ကြောင်း စက်မှုဇုန်ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။ 

R-04