News

POST TYPE

NEWS

လက်ကားဒိုင်များကြောင့် သရက်သီးဈေးကွက် အလားအလာကောင်းဟုဆို
04-May-2020


မန္တလေး၊ မေ ၃

တရုတ်နယ်စပ်သို့ အဓိကထားပို့ နေရသော မြန်မာ့သရက်သီးဈေးကွက်မှာ လက်ကားဒိုင်များကြောင့် ဈေးကွက်အလားအလာ ကောင်းနေကြောင်း စဉ့် ကိုင်မြို့နယ်အတွင်းရှိ သရက်သီးပွဲစားများထံမှ သိရသည်။

“ဒီနှစ်က သရက်အပေါ်ထိခိုက်မှု မရှိဘူး။ အသီးထွက်နှုန်းကောင်းတယ်။ မနှစ်ကထက်လည်း ဈေးကောင်းရနိုင်တယ်။ လတ်တလောမှာ စိန်တလုံးက တရုတ်ဘက်သွားသလို စင်ကာပူကို လည်းသွားနေတယ်” ဟု စဉ့်ကိုင်မြို့နယ် သဇင်နွယ်သရက်ခြံ လုပ်ငန်းတာဝန်ခံ ဦးဌေးအောင်က ပြောကြားသည်။

တရုတ်နယ်စပ်၏ သရက်သီးဈေး ကွက်အခြေအနေမှာ ယခင်နှစ်ဈေးနှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျနေ သည်ဟု ဆိုနိုင်သော်လည်း လက်ကားဒိုင်ဖွင့် ၍ သရက်စိုက်တောင်သူများထံမှ တိုက် ရိုက်ဝယ်ယူပေးမှုကြောင့် သရက်စိုက် တောင်သူများ ဆုံးရှုံးမှုမရှိနိုင်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယင်းသို့ လက်ကားဒိုင်များက တိုက် ရိုက်ဝယ်ယူမှုများရှိနေသဖြင့် သရက်စိုက် တောင်သူများအနေနှင့် ယခုကဲ့သို့ Covid-19 ဖြစ်နေသည့်ကာလတွင် တရုတ်နယ်စပ်သို့ သွားရောင်းချစရာ မလိုခြင်းကြောင့် ကျန်းမာရေးအတွက်လည်း မစိုးရိမ်ရတော့ကြောင်း စဉ့်ကိုင် မြို့နယ် ဆည်ရွာကျေးရွာမှ သရက်ခြံလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

တရုတ်နယ်စပ်ဈေးကွက်တွင် အကျပ်အတည်းများရှိနေသော်လည်း သရက်သီးတင်ပို့ရောင်းချခွင့်ရနေသည်မှာ သရက်စိုက်တောင်သူများ မျက်နှာသာရနေကြောင်း မူဆယ်မြို့ရှိ သစ်သီးပွဲရုံ တစ်ခုမှ တာဝန်ခံတစ်ဦးက ပြောဆိုသည်။

တရုတ်နယ်စပ် မူဆယ်ဈေးကွက်တွင် စိန်တလုံးသရက်သီး အိတ်စွပ် တစ်ခြင်းလျှင် ယွမ် ၇၀ မှ ၁၃၀ ယွမ်၊ အိတ် လွတ်မှာ ယွမ် ၃၀ မှ ၆၀ ယွမ်ရှိပြီး အသီးသေးပါက ယွမ် ၂၀ မှ ၃၅ ယွမ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ သရက်သီးတင်ပို့ရာတွင် ယမန်နှစ်က သရက်သီး တစ်ခြင်းလျှင် ၁၃၀၀ ကျပ်ရှိပြီး ယခုနှစ်တွင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် ကုန်ကျ စရိတ်ရှိကြောင်း တရုတ်နယ်စပ် သရက် သီးဈေးကွက်ထံမှ သိရသည်။ 

S-02