News

POST TYPE

NEWS

နိုင်ငံများအနေနှင့် Lockdown များကို တဖြည်းဖြည်းချင်း ဖယ်ရှားရမည်ဖြစ်သော်လည်း ဗိုင်းရပ်စ်ပြန်လည်ခေါင်းထောင်လာမှုအတွက် အသင့်ပြင်ထားရမည်ဟု WHO သတိပေး
04-May-2020


ဂျနီဗာ၊ မေ ၃ 

ကမ္ဘာ့နိုင်ငံများအနေနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချမှတ်ထားမှုများကို ဖယ်ရှားမည်ဆိုပါက တဖြည်းဖြည်းချင်း ဖယ်ရှားသင့်ကြောင်း၊ သို့သော် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထပ်မံမြင့်တက်လာပါက ကန့်သတ်မှုများပြုလုပ်ရန် အသင့်အနေအထားရှိထားသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ယမန်နေ့ကအကြံပြုပြောကြားသည်။ 

အကယ်၍ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုလျှင်သော်မှ လူ့အသိုင်းအဝိုင်းတွင်း နေထိုင်သူများအနေနှင့် ရုပ်ပိုင်းဆိုင်ရာ ခပ်ခွာခွာပြုမူပြောဆိုနေထိုင်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သံသယလူနာများကို ရောဂါစစ်ဆေးခြင်း စသည့်လုပ်ဆောင်ချက်များ မဖြစ်မနေ လုပ်သွားရမည်ဖြစ်သည်ဟု WHO မှ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ကျွမ်းကျင်သူပညာရှင် မိုက်ရိုင်ယန်ကပြောကြားသည်။ 

“နိုင်ငံတွေအနေနဲ့ Lockdown နဲ့ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေကို တဖြည်းဖြည်းချင်း ဖယ်ရှားသွားဖို့လိုပါတယ်၊ အရေးကြီးတာက အဲဒါတွေကိုဖယ်ရှားသွားတဲ့နေရာမှာ ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာမယ့်ကိစ္စအတွက် အထူးအသင့်ပြင်ထားပြီးမှ လုပ်ဆောင်ဖို့အရေးကြီးပါတယ်”ဟု မိုက်ရိုင်ယန်က ဆိုသည်။ 

ကိုရိုနာဗိုင်းရပ်စ်သည် ဥရောပနှင့်မြောက်အမေရိကတို့တွင် သက်ကြီးဂေဟာများ၌ ဆိုးဆိုးရွားရွားကူးစက်ဖြစ်ပွားခဲ့ပြီး အာရှဒေသမှ စင်ကာပူတွင်မူ ရွှေ့ပြောင်းအခြေချအလုပ်သမားများ နေထိုင်ရာအဆောင်များ၌ ကူးစက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

“အဲဒီလိုနေရာတွေ၊ အနေအထားတွေမှာကျတော့ လောင်စာရှိရာမီးပွားကျ လိုက်သလိုဖြစ်သွားတယ်၊ အရမ်းကို လျင်မြန်တဲ့နှုန်းနဲ့ ကူးစက်ခဲ့တယ်”ဟု မိုက်ရိုင်ယန်က ရှင်းပြသည်။ 

ကပ်ရောဂါကြီးကူးစက်ဖြစ်ပွားနေသည့် အကျပ်အတည်းကာလတွင် လူမှုရေး၊ စီးပွားရေး စသည့်အကြောင်းပြချက်များကြောင့် အစိုးရများအနေနှင့် Lockdown လုပ်သည့်ကိစ္စကို ဆက်လက်ထိန်းသိမ်းထားရေးမှာ အစိုးရတိုင်းအတွက် ကြီးမား သည့်အခက်အခဲဖြစ်သည်ဆိုသောအချက်ကို WHO က လက်ခံနားလည်ထားပါကြောင်း ၎င်းကဆိုသည်။ 

“ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ ကန့်သတ်ချက်တွေ၊ ထိန်းချုပ်မှုတွေရုတ်ခြည်း ဖယ်ရှားလိုက်မယ်ဆိုရင် ကူးစက်ပျံ့နှံ့မှုက  အဆမတန်ခေါင်းပြန်ထောင်လာမယ်ဆိုတာ သတိထားရပါမယ်” ဟု ၎င်းကဆိုသည်။ 

သက်ကြီးဂေဟာကဲ့သို့ ရေရှည်ပြုစုစောင့်ရှောက်မှုခံယူနေရသောဌာနများ၊ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအခြေချ လုပ်သားများနေထိုင်ရာ အဆောင်များကို မဖြစ်မနေအကာအကွယ်ပေးကြရမည်ဖြစ်ကြောင်း WHO ကသတိပေးချက်ထုတ်ပြန် ထားသည်။         

F-01