News

POST TYPE

NEWS

စစ်ဘေးသင့် ဒုက္ခသည်များ နေရပ်ပြန်ရေး KNU က အိမ်များ ဆောက်လုပ်နေဟုဆို
ရန်ကုန်၊ဒီဇင်ဘာ၂

မြန်မာနိုင်ငံ၏ အကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်ဘေးသင့် ဒုက္ခသည်များ နေရပ်ပြန်နေထိုင်နိုင်ရန် အိမ်များ ဆောက်လုပ်လျှက်ရှိကြောင်း KNU ထံမှ သိရသည်။

လက်ရှိတွင် အိမ်အလုံး၁၀၀ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး အလုံး၄၀၀ ဆက်လက် ဆောက်လုပ်သွားမည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မ (၇) ၊ တပ်ရင်း၂၂မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ အိမ်များကို တပ်မ(၇) တပ်ရင်း (၂၂) ထိန်းချုပ်နယ်မြေများဖြစ်သည့် လှိုင်းဘွဲ့မြို့နယ်၊ မော်ပယ်ခိုကျေးရွာနှင့် ပိုင်ချိုမြို့နယ် မော်ဖိုးကေကျေးရွာတို့တွင် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးသည့် အိမ်အလုံး၁၀၀တွင် နေရပ်ပြန် စစ်ဘေးဒုက္ခသည်များ ပြန်လည်နေထိုင်နေပြီ ဖြစ်သည်။

အဆိုပါ နေအိမ်များကို မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထောက်ပံ့ပေးနေသည့် ဂျပန်နိုင်ငံနီပွန် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း အဆိုပါ အဆင့်မြင့် အရာရှိကြီးက ပြောသည်။ “မလုံလောက်ဘူး။ သူတို့က ချပေးတာဆိုတော့လည်း တစ်ဆင့်ပြီးတစ်ဆင့် သွားနေရတာပေါ့”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်တွင် ကရင်ပြည်နယ်၌ မြန်မာ့တပ်မတော်နှင့် DKBA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ၄၀၀၀ခန့်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရကာ အစားအစာအပါအ၀င် အခြားအသုံးအဆောင်ပစ္စည်းများကို လူမှုအဖွဲ့အစည်းများက ထောက်ပံ့ခဲ့ကြရသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် နှစ်ပေါင်းများစွာ စစ်မက် ဖြစ်ပွားခဲ့မှုကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ခန့်မှာ ထိုင်းနိုင်ငံ စစ်ဘေးဒုက္ခသည် စခန်း၉ခုတွင် နေထိုင်လျှက်ရှိသည်။