News

POST TYPE

NEWS

ARSA နှင့် AA တို့ WFP တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာများ ရယူသုံးစွဲကြောင်း တပ်မတော်ထုတ်ပြန်
09-Apr-2020
ရန်ကုန်၊ ဧပြီ ၉

ARSA အကြမ်းဖက်အဖွဲ့နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အနေနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရယူသုံးစွဲလျက်ရှိကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ARSA နှင့် AA အဖွဲ့များ၏ ယာယီစခန်းများကို ဖော်ထုတ်ရရှိခဲ့ရာတွင် WFP တံဆိပ်ပါ စားနပ်ရိက္ခာများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းအဖွဲ့များအနေနှင့် WFP ၏ ထောက်ပံ့ရေးရိက္ခာများကို နည်းလမ်းအမျိုးမျိုးဖြင့် ရယူသုံးစွဲနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့် အကွာနေရာသို့အရောက်၌ နေရာ ၂ နေရာမှ မသင်္ကာဖွယ်ရာ တဲ ၂ လုံးအားတွေ့ရှိခဲ့ပြီး ARSA အဖွဲ့၏ ယာယီစခန်းတစ်ဖြစ်နေကာ ယင်းစခန်းကို ရှင်းလင်းခဲ့ရာတွင် ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ပြောက်ကျား ဝတ်စုံ ၁ စုံ၊ လည်တိုဖိနပ် ၂ ရံ၊ (WFP) တံဆိပ်ပါ ဆန်အိတ် ၆ အိတ်၊ (WFP) တံဆိပ်ပါ ဆီ (၁ လီတာဆံ့) ၄၀ ဘူး၊ အားလူး ၁ အိတ်၊ ဆေးမျိုးစုံထည့်ထားသည့် အိတ် ၁ အိတ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ ပလတ်စတစ်အိတ် ၅၀ အိတ် (အလျား ၃ ပေ၊ အနံ ၂ ပေ)၊ တစ်ဖက်နိုင်ငံဒုက္ခသည် စခန်းများတွင် UNHCR မှ ထုတ်ပေးထားသည့် ကတ်ပြား ၁ ခုနှင့် အစ္စလာမ်ကျမ်းစာအုပ် ၁ အုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့၏ အနောက်မြောက်ဘက် မီတာ ၇၀၀၀ ခန့်အကွာတွင် AA လက်နက်ကိုင်အဖွဲ့များ အခြေပြုထားသော ယာယီနေရာတစ်ခုအား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်တွင် ပစ်ကျင်းများ၊ ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့လှူဒါန်းထားသည့် World Food Programme (WFP) တံဆိပ်ပါ ရိက္ခာပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

ယခင်ကလည်း ၎င်းင်းကဲ့သို့ NGO အဖွဲ့များ၏ ထောက်ပံ့ရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်၌လည်းကောင်း၊ ဩဂုတ် ၂၉ ရက်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ ARSA အဖွဲ့က သိုဝှက်ထားသည့်နေရာ၌လည်းကောင်း တွေ့ရှိခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် AA လက်နက်ကိုင်အဖွဲ့၏ စခန်းများဖြစ်သော မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် လေးမြို့မြစ်၏အရှေ့ဘက်ကမ်းရှိ စခန်းနေရာ၌ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာရှိ ယာယီလေ့ကျင့်ရေး စခန်းနေရာ၌ ဧပြီ ၂၈ ရက်တွင် လည်းကောင်း၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ သင်းကျစ်တောင် ဘုရားကုန်းပေါ်ရှိ သင်းကျစ်တောင် ဘုန်းကြီးကျောင်း၌ ဇွန် ၂၁ ရက်တွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်းရှိ AA လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွှယ်သူထံမှ ၂၀၂၀ ခုနှစ်၊ ဧပြီ ၃ ရက်တွင်လည်းကောင်း World Food Programme (WFP) တံဆိပ်ပါရိက္ခာပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ တပ်မတာ်က သတင်းထုတ်ပြန်ထားခဲ့သည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းများသို့ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ NGO/INGO များနှင့် အလှူရှင်များက ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းများအား ARSA နှင့် AA အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ရယူသုံးစွဲနေခြင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိတွင် ARSA နှင့် AA အဖွဲ့များအနေနှင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ကျူးလွန်လျက်ရှိသဖြင့် ယင်းအကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနိုင်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအာမခံချက်ရှိစေရန် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

S-04