News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင်း၊ တိုင်းပြင်ပြေးဆွဲသည့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ ၁၀ ရက်ရပ်မည်
09-Apr-2020


ပုသိမ်၊ ဧပြီ ၉

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဦးစီးဌာန၏ အကြံပေးချက်အရ ဧရာဝတီတိုင်းတွင်း၊ တိုင်းပြင်ပြေးဆွဲသည့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများအားလုံးကို မတ်လ ၉ ရက်နေ့မှစတင်၍ ၁၀ ရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“ကုန်တင်ယာဉ်တွေကတော့ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ပြေးဆွဲမှုရပ်ဆိုင်းမှာ မဟုတ်ဘူး။ ခရီးသည်တင်ယာဉ်လိုင်းတွေကို ပိတ်လိုက်ပေမယ့် မိသားစုအိမ်စီးယာဉ်တွေကို မပိတ်ပါဘူး။ ဒါပေမဲ့ အိမ်စီးယာဉ်တွေကို တစ်စီးမှာ ယာဉ်မောင်းအပါအဝင် ၇ ယောက်ထက်ပိုတဲ့ ယာဉ်တွေကိုတော့ ခွင့်မပြုဘူး” ဟု ၎င်းကဆိုသည်။

ထို့ပြင် တိုင်းဒေသကြီးအတွင်း၌ တံတားအဆင့်မြှင့်တင်ရေး လုပ်ငန်းများရှိနေခြင်းကြောင့် လပွတ္တာ၊ ကျွန်းကုန်း၊ ရွှေလောင်း စသည့်ဒေသများရှိ ဇက်ရေယာဉ်များပြေးဆွဲခြင်းကိုမူ ပိတ်ပင်မည်မဟုတ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

"ပုသိမ်ကနေ ရန်ကုန်ထွက်တဲ့ကားတွေမှာ ၆ ယောက် ၇ ယောက် လောက်ပဲပါတယ်။ ပုသိမ်အဝင်ကိုတော့ အယောက် ၂၀ လောက်ပါတယ်။ အဲဒီလိုဖြစ်နေတာ အနည်းဆုံး ၁၀ ရက်လောက်ရှိနေပြီ” ဟု ပုသိမ်မြိုနယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီဝင် ဦးနေမင်းက ပြောဆိုသည်။

R-04