News

POST TYPE

NEWS

“ဝ”သုံးပါတီဖျက်သိမ်းပြီး “ဝ”အမျိုးသားပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
07-Apr-2020
“ဝ”သုံးပါတီဖျက်သိမ်းပြီး “ဝ”အမျိုးသားပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ရန်ကုန်၊ ဧပြီ ၇ 

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြေစိုက်ပါတီများဖြစ်သည့် “ဝ”လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ “ဝ”ဒီမိုကရက်တစ်ပါတီတို့ကို ဖျက်သိမ်းလိုက်ပြီး “ဝ”အမျိုးသားပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံမှ သိရသည်။

“ဝ”ပါတီတွေက သုံးလေးခုဖြစ်နေတော့ ပြည်သူတွေအနေနဲ့က ဘယ်ပါတီကိုမဲထည့်ရမှန်းမသိဘူး၊ ပြည်သူမှာအခက်အခဲဖြစ်တာပေါ့။ ပြည်သူတွေက ပူးပေါင်းကြဖို့အကြံပေးတယ်။ ပြည်သူတွေ အကြံပေးတာရယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွေ့အကြုံရယ်ကြောင့် ပူးပေါင်းလိုက်တာပါ”ဟု ဦးဆိုင်းပေါင်းနပ်က ဆိုသည်။ 

“ဝ”အမျိုးသားပါတီကို မှတ်ပုံတင်အမှတ် (၁၂၈)ဖြင့် ဧပြီလ ၂ ရက်နေ့က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၅ အရ ဖျက်သိမ်းလိုက်သည့် ပါတီတစ်ခုချင်းစီပိုင်ပစ္စည်းများအားလုံးကို ယခုတည်ထောင်သည့် “ဝ” အမျိုးသားပါတီ ပိုင်ပစ္စည်းများအဖြစ် စာရင်းပြောင်းလက်ခံရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း ပြည်နယ်ခြောက်ခုရှိပြီး ဟိုပင်၊မက်မန်းမြို့နယ် နှစ်ခုသာ အစိုးရထိန်းချုပ်မှုအောက်တွင်ရှိကာ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပေ။ 
၂၀၂၀ ရွေးကောက်ပွဲကျင်းနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းနှင့် “ဝ”ပြည်သွေးသည်းညီညွတ်ရေး ပါတီ( UWSP/UWSA) ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီတို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပန်ဆန်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။

“လောလောဆယ် ညီလာခံမလုပ်ရသေးတဲ့အတွက်ဘာမှဆုံးဖြတ်ချက်တော့မရှိသေးဘူး၊ ရှမ်းပြည်နယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တော့ရည်ရွယ်ချက်တော့ရှိတယ်။ “ဝ”ပြည်နယ်မှာတော့ နိုင်ငံတော်က ခေါင်းဆောင်တွေနဲ့ UWSAက ခေါင်းဆောင်တွေရဲ့သဘောတူညီချက်နဲ့ ရွေးကောက်ပွဲရှိ လာတယ်ဆိုရင် ဝင်ပြိုင်မှာပါ”ဟု ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။

S -08