News

POST TYPE

NEWS

တောင်ငူမြို့တွင်း အများနှင့်ဆိုင်သောနေရာများတွင် အရက်သေစာ သောက်စားသူများကို အရေးယူမည်
06-Apr-2020

ဓာတ်ပုံ-တောင်ငူဂတ်

တောင်ငူ၊ ဧပြီ ၆

တောင်ငူမြို့နယ်အတွင်း စားသောက်ဆိုင်များတွင် ထိုင်၍စားသောက်ခွင့်ပိတ်ပင်ခဲ့ပြီးနောက် အများနှင့်ဆိုင်သောနေရာများတွင် ဝိုင်းဖွဲ့သောက်စားမှုများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ယင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

``မနေ့ညက ရဲတပ်ဖွဲ့ရယ် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လိုက်လံတားဆီးတာမျိုးလုပ်တယ်။ဒီနေ့ည (ဧပြီ ၆ ရက်)ကစပြီး တည်ဆဲဥပဒေနဲ့ အမှုဖွင့်အရေးယူမှုပြုမယ်´´ဟု ၎င်းကဆက်လက် ပြောဆိုသည်။



ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် လူစုလူဝေး လုပ်ခွင့် ရပ်ဆိုင်းထား‌ချိန်တွင် လိုက်နာမှုမရှိဘဲ Public Area ​များတွင်လူစုပြီး အရက်​​သေစာ သောက်စားသူများကို မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့်ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့သည်ဟု ဧပြီလ ၅ ရက်ည ၈နာရီခန့်က တောင်ငူမြို့နယ်အုပ်ချုပ်ရေးဌာနက ထုတ်ပြန်သည်။
အဆိုပါနေ့ညက တောင်ငူမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက အများပြည်သူ ဝင်ထွက်သွားလာရာနေရာများဖြစ်သည့် မိုင်ဒါကွင်း၊ဗိုလ်ချုပ်ကြေးရုပ်၊မင်းကြီးညိုကြေးရုပ်တုနှင့် ဘုရင့်နောင်ရုပ်တုနေရာများတွင် တားမြစ်သတိပေးခဲ့ရသည့်လူဦးရေသည် ရာနှင့်ချီ ရှိခဲ့သည်ဟုဌာနဆိုင်ရာအချို့ထံမှ သိရသည်။

``မနေ့ကညက ရဲအုပ်လိုက်အရင်ဝင်ပြီး အသံချဲ့စက်နဲ့သတိပေးကြေညာချိန်မှာ အုပ်စုလိုက်ပြေးကုန်‌တယ်။ အချို့ဆို မိန်းကလေးတွေပါ ပါတယ်´´ဟု မိုင်ဒါကွင်းအနီးတွင်နေထိုင်သူ ကိုအကြီးလေးက ပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပြဿများကြောင့် စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်ကိုသာရောင်းချခွင့်ပေးထားပြီး စည်းကမ်းမလိုက်နာသူများကို ဖမ်းဆီးအမှုဖွင့်ကာ ဒဏ်ကြေးများပေးဆောင်စေကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-02