News

POST TYPE

NEWS

မိတ္ထီလာမြို့နယ်အတွင်း ယာဉ်သွားလာခွင့်ပိတ်၊ မြို့ဝင်ဂိတ်ငါးခုတွင် စစ်ဆေးမည်
06-Apr-2020

မိတ္ထီလာ၊ ဧပြီ ၆

အဝေးပြေးကားလမ်းမကြီးငါးခုဆုံရာ မိတ္ထီလာမြို့နယ်အတွင်း၌ ဧပြီလ (၇)ရက်မှစ၍ ယာဉ်များဝင်ထွက်သွားလာခွင့် ခေတ္တပိတ်ထားမည်ဖြစ်ကာ မြို့ဝင်/မြို့ထွက်စစ်ဆေးရေးဂိတ်ငါးခုတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် ယာဉ်လုပ်ငန်းများကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားသည်။

''မြို့အဝင်အထွက် ဂိတ် (၅)ဂိတ်ကို အဖွဲ့အစည်းအစုံနဲ့ စောင့်ကြည့်စစ်ဆေးမယ်။ မနက်ဖြန်စမယ်'' ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါအစီအစဉ်အရ မိတ္ထီလာမြို့နယ်အတွင်း ပို့ဆောင်သွားလာကြသော ခရီးသည်တင် ဂိတ်များအပြင် သုံးဘီးဆိုင်ကယ်ယာဉ်လိုင်းများပါ အကြုံးဝင်ကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။

COVID -19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတိုင်းအတွင်း ကုန်စည် စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးယာဉ်များမှအပလခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ၊ဘုရားဖူးယာဉ်များ၊အပန်းဖြေခရီးသွားယာဉ်များ၊အလည်အပတ်သွားရောက်သည့် ယာဉ်များနှင့် အိမ်စီးယာဉ်များအနက် ယာဉ်မောင်းအပါအဝင် (၇)ဦးထက်ပိုသော မော်တော်ယာဉ်များအား တိုင်းဒေသကြီအတွင်း သွားလာခွင့်ကို ဧပြီ (၆ )ရက်နေ့ည ၁၂ နာရီ အချိန်မှ ဧပြီလ၂၁ ရက်နေ့ည ၁၂ နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ဧပြီလ (၄) ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

မိတ္ထီလာမြို့နယ်တွင်းနှင့် မိတ္ထီလာမှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြင်းခြံ၊ ကျောက်ပန်းတောင်း၊ပုဂံညောင်ဦး၊တောင်ကြီး၊ လွိုင်ကော် စသည့် ခရီးစဉ်များအတွက် အဝေးပြေးကားဂိတ် (၁၈)ဂိတ်မှ ခရီးစဉ်ပေါင်း (၃၄) ခုကို မော်တော်ယာဉ် (၄၄၅)စီးခန့်ဖြင့် ယခင်က နေ့စဥ်ပြေးဆွဲကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

R-01