News

POST TYPE

NEWS

သင်္ကြန်တွင်း အုန်းလက်မဏ္ဍပ်အပါအဝင် မည်သည့်ရေပက်ခံမဏ္ဍပ်မျှ ဆောက်လုပ်ကစားခြင်းမလုပ်ရန် ရန်ကုန်တိုင်းအစိုးရ စာထုတ်
06-Apr-2020

ဓာတ်ပုံ - သက်သျှိုင်းသူ

ရန်ကုန်၊ ဧပြီ ၆

သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍပ်အပါအဝင် မည်သည့်ရေပက်ခံမဏ္ဍပ်မျှ ဆောက်လုပ်ကစားခြင်းနှင့်ရေပက်ခံကားဖြင့် လူစုကာ လည်ပတ်ခြင်းများမပြုလုပ်ရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများအနေဖြင့် ဧပြီလ ၁၀ရက်နေ့မှ ၁၇ ရက်နေ့အထိ သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍပ်အပါအဝင် မည်သည့်ရေပက်ခံမဏ္ဍပ်မျှ ဆောက်လုပ်ကစားခြင်းမပြုရန်၊ရေပက်ခံကားများဖြင့် လူစုလှည့်ပတ်ခြင်းများ မပြုလုပ်ရန်နှင့် အသံချဲ့စက်များ၊ဆောင်းဘောက်များဖြင့် ကျယ်လောင်စွာဖွင့်ပြီး လှည့်လည်ခြင်းများ မပြုလုပ်ရဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"သင်္ကြန်တွင်း မြို့နယ်တွေမှာ ရေကစားမဏ္ဍပ်တွေမဆောက်လုပ်ဖို့၊ရေပက်ခံကားတွေနဲ့လည်တာ မပြုလုပ်ဖို့ အသံချဲ့စက်၊ဆောင်းဘောက်တွေဖွင့်ပြီး လှည့်လည်တာတွေမလုပ်ဖို့ ထွေအုပ်ရုံးတွေကို ညွှန်ကြားချက်ရောက်ပါပြီ။ရပ်ကွက်တိုင်းက ပြည်သူတွေသိရှိအောင် စပီကာတွေနဲ့လိုက်လံကြေညာနေပါတယ်"ဟု ဗိုလ်တစ်ထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိန်သောင်းက ပြောကြားသည်။

သင်္ကြန်ရုံးပိတ်ရက်များ ဖြစ်သည့် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်အထိ ကျန်းမာရေးကိစ္စ၊ အစားအသောက်၀ယ်ယူခြင်းမှအပ မလိုအပ်ဘဲ အိမ်အပြင်မထွက်ရန်  Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ညွှန်ကြားထားသည်။

"ပြည်သူအားလုံးကလဲ ထုတ်ပြန်ချက်တွေကို သေချာလိုက်နာဖို့လိုပါတယ်။အားလုံးကျန်းမာရေးအတွက် ပြည်သူတွေ တစ်ဦးချင်းက လိုက်နာမှသာ တစ်ဦးချင်းကာကွယ်ရာရောက်သလို အများပြည်သူကိုလဲ ကာကွယ်ရာရောက်ပါတယ်။အခုလိုအချိန်မျိုးမှာ အိမ်မှာနေတာအကောင်းဆုံးပါ"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

၂၀၁၉ ခုနှစ်သင်္ကြန်က ပြည်လမ်းမအပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီး နှင့် အလတ်အပါအဝင် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခု ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ (ကန်တော်မင်ပန်းခြံ)၊မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ကျင်းပခွင့်ပေးခဲ့သည်။

S-05