News

POST TYPE

NEWS

ပုပ်ပါးတောင်ကလပ်သို့ ဧည့်သည်မလာ၍ မျောက်များ အစာပြတ်လပ်
03-Apr-2020



မိတ္ထီလာ- ဧပြီ ၃

Covid-19ရောဂါ ကြောင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ်ပါးတောင်ကလပ်သို့ ဘုရားဖူးဧည့်သည် ဝင်ရောက်မှု မရှိတော့၍ တောင်ပတ်ဝန်းကျင်တွင် အမှီပြု၍ နေထိုင်လျက်ရှိသော မျောက်များအတွက် အစားအစာရှားပါးမှု စတင်ကြုံတွေ့လာရကြောင်း ပုပ်ပါးတောင်ကလပ် ကျေးရွာရှိ ဒေသခံများနှင့် ဒေသတွင်းရှိ လူမှု အခြေပြုအဖွဲ့များထံမှစုံစမ်းသိရသည်။

ပုပ်ပါးတောင်ကလပ်တွင် ဘုရားဖူးခွင့်ကို ပိတ်ပင်မထားသော်လည်း ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင် ၍ ဧည့်သည်ဝင်ရောက်မှု လုံးဝ ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ ဂေါပက အနေနဲ့ ဘုရားငွေနဲ့ဝယ်ပြီးတော့ ကျွေးနေတယ်။ ကုလားပဲရယ် ပြောင်းဖူးစေ့ရယ်။တလှည့်စီပေါ့။ အစာကျွေးဖို့ လေးနေရာသတ်မှတ်ထားတယ်။ တစ်နေ့ကို နှစ်ကြိမ်ကျွေးမယ်ပေါ့။ တစ်ကြိမ်ကို ရှစ်ပြည်ပေါ့။ တစ်ရက်ကို တစ်တင်းပေါ့။ မျောက်ကောင်ရေက စာရင်းဇယားတော့မရှိဘူး။ခန့်မှန်းခြေက နှစ်ထောင်နဲ့ သုံးထောင်ကြားမှာ ရှိတယ်''ဟု ပုပ်ပါးတောင်ကလပ် ဂေါပကရုံးအဖွဲ့မှူး ဦးဝင်းလှိုင်က ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်၍ ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်အရ (၇၂)နာရီ အတွင်းကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံစာ ပါရှိမှသာ တောင်ပေါ်သို့တက်ခွင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

အိမ်ခြေ (၂၄၀) လူဦးရေ (၂၀၀၀)ကျော်ခန့် ရှိသော ပုပ်ပါးတောငျကလပျကြေးရှာတှငျ သီးနှံစိုက်ပျိုးရန် မြေနေရာ မရှိ၍ ကျေးရွာနေ အများစုမှာ ဘုရားဖူးဧည့်သည်များကို ပန်း / ကန်တော့ပွဲ နှင့် မျောက်စာ ရောင်းချသော အလုပ်ဖြင့် အသက်မွေးကြောင်း။ ယခု အနေအထားအရ ဧည့်သည်မဝင်တော့၍ စီးပွားရေး အခက်ကြုံလာကြောင်း ဒေသခံ လူထုထံ မှ စုံစမ်းသိရှိရသည်။

အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခု အသွင် ဖြစ်တည်နေသော ပုပ်ပါးတောင်မကြီး နှင့် တောင်ကလပ်ဝန်းကျင် ဒေသသည် ဇီ၀မျိုးစုံမျိုးကွဲများ တည်ရှိမှု၊ သဘာဝရေထွက်စမ်းများတည်ရှိမှု၊ ထိန်းသိမ်းရေး လုပ်ငန်းများနှင့် သုတေသနစီမံကိန်းများ ဆောင်ရွက်နေမှု၊ သဘာ၀ အခြေခံခရီးသွား လုပ်ငန်း ဖော်ဆောင်ရန် အလားအလာကောင်းများရှိနေမှုများကြောင့် ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် အဖြစ် အဆိုပြုထားရာ ဒေသတစ်ခုလည်းဖြစ်သည်။

R-01