News

POST TYPE

NEWS

ဖာပွန်တွင် တပ်မတော်နှင့် KNU တိုက်ပွဲဖြစ်ပွား
03-Apr-2020


ရန်ကုန်၊ ဧပြီ  ၃

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ဘော်စဲခို- လွယ်မူပလောလမ်းပိုင်းတွင် တပ်မတော်စစ်ကြောင်း ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုဖြစ်ပွားခဲ့ သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဘော်စဲခို- လွယ်မူပလောလမ်း လုံခြုံရေး ဆောင်ရွက် လျက်ရှိသော တပ်မတော် စစ်ကြောင်းတစ်ခုကို ဘော်စဲခို၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာ၌ KNU အဖွဲ့မှ အင်အား ခုနစ်ဦး ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့် ယှက်ပစ် ခတ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းပစ်ခတ်မှုအပြီးတွင် KNU တပ်ဖွဲ့ဝင်များ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး လာရောက် ပစ်ခတ်ခဲ့သည့် နေရာ အား အသေးစိတ်စစ် ဆေးခဲ့ရာ KNU အဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားသည့်အလောင်း တစ်လောင်း၊ အေကေ-၄၇ ကျည် ၁၄ တောင့်၊ ဒီတိုနေတာ နှစ်ခုနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် လက်ရှိဖြစ်ပွားနေသည့် ကူးစက်ရောဂါအခြေအနေကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် တောင်းဆိုချက် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားခဲ့ပြီးနောက် ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်သော လမ်းများပေါ်ပေါက်လာစေရေး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ပုံမှန် ရိက္ခာ စုပုံရန် လမ်းကြောင်းများ ပြုပြင်အသုံး ပြုရေးတို့အတွက် တပ်မတော်အနေဖြင့် ဆိုင်ရာအဖွဲ့အစည်းများသို့ ကြိုတင်ညှိနှိုင်း ၍ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ဖြင့် လမ်းဖောက်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တပ်မတော် စစ်ကြောင်း များက လည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တပ်မတော်က ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က ဆိုသည်။

ယင်းသို့ လမ်းဖောက်လုပ်မှုများကို KNU အဖွဲ့ အနေဖြင့် တပ်မတော် စစ်ကြောင်း များ၊ ယာဉ်များကို နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ယနေ့အထိ ထိတွေ့တိုက်ခိုက်မှု ၄၀ ကြိမ်၊ မိုင်းနင်းမိုင်းကွဲမှု ၂၃ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသန္တရမိုင်းများ ဖော်ထုတ်သိမ်းဆည်းနိုင်မှု ၁၈ကြိမ် (မိုင်း ၂၅လုံး)ရှိကြောင်း သိရှိရသည်။ တပ်မတော် အနေဖြင့်လည်း ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန် ခဲ့သော တပ်ရင်းမှူး တစ်ဦး မိုင်းစထိမှန် ဒဏ်ရာများဖြင့် ကျဆုံးခဲ့သည့် အပြင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာများ ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် KNU အဖွဲ့၏ မိုင်းထောင်ဖောက် ခွဲခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့က KNU ဗဟိုနှင့် သက်ဆိုင်ရာသို့ သတိပေးကန့်ကွက် စာ၊ အကြောင်းကြားစာစုစုပေါင်း ၉၄ ကြိမ် ပေးပို့ ထားပြီး တပ်မတော်မှ လိုအပ်သည့် လုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိသည်ဟု တပ်မတော်ကဆိုသည်။

S-04