News

POST TYPE

NEWS

ရွှေလီမြို့ပြန် လေးဦးက ဆန္ဒအလျောက် Facility Quarantine တွင် ထားပေးရန်တောင်းဆို
02-Apr-2020
ဓာတ်ပုံ-နေနိုင်

ချောက်၊ ဧပြီ ၂ 

တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့မှပြန်လာသော ချောက်မြို့ဒေသခံ မိသားစုဝင်လေးဦးက မိမိတို့ဆန္ဒအလျောက် Facility Quarantine တွင် နေထိုင်မည်ဖြစ်ကြောင်း ၎င်းတို့ပြန်လာစဉ် ခရီးလမ်းမှ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းကြားတောင်းဆိုကြောင်း ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောကြားသည်။

"မိတၳီလာရောက်နေပြီ။ ကျောက်ပန်းတောင်းကလည်း စစ်ဆေးဦးမှာဆိုတော့ လက်ခံပေးမှာပါ။ ချောက်ကို ကျွန်တော်တို့ရောက်ရင် Facility Quarantine မွာ လက်ခံပေးပါ။ ကာယကံရှင်ကိုယ်တိုင်ကလည်း သူ့အသိစိတ်နဲ့ တောင်းဆိုတာပါ။ ရွှေလီဘက်ကို ပြန်သွားခဲ့တာဖြစ်တဲ့အတွက် ကိုယ့်အသိစိတ်ဓာတ်နဲ့ တောင်းဆိုတာဖြစ်ပါတယ်" ဟု ဦးကျော်ဆွေဝင်းက ပြောဆိုသည်။

ချောက်မြို့ မြို့လယ်ရဲစခန်းရှေ့တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု၊ ကျန်းမာရေးအသိပညာပေးရန် LED ဘုတ်ဖြင့် ပြသနိုင်ရန်အတွက် ကူညီပံ့ပိုးမှုပေးထားသော မိသားစုဖြစ်သည်ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ-နေနိုင်

ဧပြီလ ၂ ရက်၊ နေ့လယ်ပိုင်းမှစတင်ပြီး ချောက်မြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း Community Based Facility Quarantine Centre တွင် ၎င်းတို့မိသားစုဝင် ၄ ဦးကိုစတင်ထားရှိသည်ဟု အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဧပြီလ ၂ ရက် မွန်းတည့် ၁၂ နာရီအထိ ချောက်မြို့နယ်တွင် ကြောင်ယာတော၊ ပေဒသာ၊ ဂွေးပင်၊ ဂွေးချို၊ ကြို့ပင်၊ ဩဇာတော၊ ဥယျာဉ်၊ ဆူးရစ်ကန်၊ ညီစု၊ ပခန်းငယ်၊ ဇောင်းတောကန် ကျေးရွာများနှင့် စလေမြို့ အမှတ် ၃၊ အမှတ် ၅ ရပ်ကွက် စသည်တို့ရှိ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်း၊ သီးခြားကိုယ်ပိုင်အိမ်တို့တွင် ပြည်တော်ပြန် ၁၄ ရက် စောင့်ကြည့်သူ ၉၇ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး စာရင်းများအရ သိရသည်။

R-11