News

POST TYPE

NEWS

လူနာ Case-15 နေထိုင်ခဲ့သည့်နေရာများမှ လူပေါင်း ၁၇၀ ကိုအသွားအလာကန့်သတ်
01-Apr-2020
ရန်ကုန်၊ ဧပြီ ၁

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ Case-15 နေထိုင်ခဲ့သည့် ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတွဲအပါအဝင် အလုပ်လုပ်ကိုင်ခဲ့သည့် အင်းယားလိတ်ဟိုတယ်နှင့် ယင်းနေရာများရှိ လူပေါင်း ၁၇၀ ကိုအသွားအလာကန့်သတ်လိုက်ပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ကိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ Case-15 သည် ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတစ်ဦးဖြစ်ပြီး ယင်းတွင် ဓါတ်ခွဲအတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း မတ်လ ၃၁ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးသည့်နောက် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အင်းယားလိတ်ဟိုတယ်ဝန်းကို အဝင်အထွက် ကန့်သတ်လိုက်ပြီဖြစ်ပြီး SOS ဆေးခန်းမှ လူ ၂၅ ဦး၊ အင်းယားလိတ်ဟိုတယ်ဝန်ထမ်း ၃၃ ဦးနှင့် တည်းခိုသူ ၉၀ ဦး စုစုပေါင်း ၁၄၈ ဦး အသွားအလာကန့်သတ်မှုများ ပြုလုပ်လိုက်ပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးရန်ရှင်း ကပြောသည်။

“ဟိုတယ်မှာတည်းနေတဲ့ နိုင်ငံခြားသားတွေအတွက်တော့ တိုင်းအစိုးရကို တင်ပြထားတယ်ပြောတယ်။ မသိရသေးဘူး။ကန့်သတ်ပါဆိုရင်တော့ ထုံးစံအတိုင်း ၁၄ ရက်ပဲပေါ့”ဟု ဦးရန်ရှင်းက ပြောဆိုသည်။

၎င်းလူနာသည် ရောဂါလက္ခဏာများမခံစားရခင်အချိန်က ခင်ပွန်းဖြစ်သူရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်သို့သွားရောက် တွေ့ဆုံခဲ့သည့်အတွက် အနီးကပ်ထိတွေ့ခဲ့သည့် ခင်ပွန်းနှင့် ကလေးနှစ်ဦးကို ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာကန့်သတ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါလူနာ Case-15 နေထိုင်ခဲ့သည့် ဗဟန်းမြို့နယ်၊ ဆရာစံအနောက်ရပ်ကွက်ရှိ အခန်း ၁၂ ခန်းပါ တိုက်ခန်းတွင် လူပေါင်း ၂၂ ဦးနေထိုင်လျှက်ရှိပြီး ၎င်းတို့ကိုလည်း အသွားအလာကန့်သတ်ထားပြီး၊ အနောက်ဗဟိုလမ်းကိုလည်း ကန့်သတ်နယ်မြေအဖြစ် ပြုလုပ်ထားပြီး လမ်းသူလမ်းသားများ အရေးကြီးကိစ္စဝင်ထွက်မှုမှလွဲ၍ အခြားသူများအား ဝင်ခွင့်မပေးတော့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကပြောသည်။

လက်ရှိတွင် လူနာ Case-15 ကို ရန်ကုန်အနောက်ပိုင်းဆေးရုံမှ မြောက်ဥက္ကလာဝေဘာဂီဆေးရုံသို့ ပြောင်းလဲကုသမည်ဖြစ်သည်။

S-09