News

POST TYPE

NEWS

စည်းကမ်းမလိုက်နာသည့် ခရီးသည်ယာဉ်ကို အရေးယူရေး တင်ပြမည်
01-Apr-2020
မြိတ်၊ မတ် ၃၁

ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းအား လိုက်နာခြင်းမရှိသည့်ခရီးသည် ယာဉ်လိုင်းကိုအရေးယူရေး တနင်္သာရီတိုင်းအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးရှိနေပြီဖြစ်ကြောင်း အစိုးရကထုတ်ပြန်ပြီးနောက်ပိုင်း ကြိုတင်ကာကွယ်သည့်အနေနှင့် မြိတ်သို့လာရောက်ပြေးဆွဲနေကြသည့် ယာဉ်လိုင်းများအား ယာဉ်ပေါ်ပါ ခရီးသည်အားလုံးကို နေရပ်လိပ်စာအပြည့်အစုံ ရေးသွင်းတင်ပြရန် ယာဉ်လိုင်းများကို ယင်းကော်မတီမှ ညွန်ကြားထားသည်။

သို့သော် ရန်ကုန်မှမြိတ်မြို့သို့ မတ်လ ၃၀ ရက်နေ့က ဝင်ရောက်လာသည့် မန္တလာမင်းယာဉ်သည် နိုင်ငံခြားသား ၃ ဦးကို တင်ဆောင်လာပြီး 'တိုးရစ်' (နိုင်ငံ ခြားခရီးသွား) ဟုသာ ရေးသားထားပြီး အမည်နေရပ်လိပ်စာ ထည့်သွင်းရေးမထားသဖြင့် စည်းကမ်းဖောက်ဖျက်မှုကို အရေးယူရေးတင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောသည်။

"ထုတ်ပြန်ထားတဲ့ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အရေးယူနိုင်ဖို့တိုင်းဒေသကြီးအစိုးရကို တင်ပြသွားမယ်" ဟု ၎င်းကပြောသည်။

မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ပေးခဲ့သည့်ခရီးသည်စာရင်းတွင် နိုင်ငံခြားသား ၃ ဦး၏ အမည်၊ လိပ်စာ အတိအကျမပါသော်လည်း ၎င်းတို့၏နိုင်ငံကူးလက်မှတ် မိတ္တူများကို လမ်းတစ်လျှောက် သက်ဆိုင်ရာစစ်ဆေးရေးဂိတ်များသို့ သတင်းပို့ပေးပြီး လာခဲ့ခြင်းဖြစ်ကြောင်း မန္တလာမင်းကားအသင်း (မြိတ်)မှတာဝန်ရှိသူကပြောသည်။ 

"စာရွက်မှာ ရေးလိုက်လို့မှားသွားမယ်ဆိုရင် ဘာမှလုပ်လို့မရဘူး အဲဒါကြောင့်ပါ" ဟု တာဝန်ရှိသူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်ရုံးချုပ်သို့ တင်ပြဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယာဉ်ပေါ်ပါလာသည့် စပိန်နှင့် ကနေဒါနိုင်ငံသားအပါအဝင် ၅ ဦးကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုရှိ အေးရိပ် ချောင်ဘုန်းတော်ကြီးကျောင်းတွင် ၁၄ ရက် စောင့်ကြည့်ထားရှိကြောင်း စောင့်ကြည့်ရေးစခန်းမှ သိသည်။

Dawei Watch