News

POST TYPE

NEWS

သုံးဆယ်တွင် ကျောင်းအုပ်ကြီး ဆုံးမ၍ ကိုးတန်းကျောင်းသူ ဆေးရုံရောက်
သာယာဝတီ ၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး (အနောက် ခြမ်း) သာယာဝတီခရိုင် သုံးဆယ်မြို့ အထကကျောင်းတွင် နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ပိုင်း ၁နာရီက  ကျောင်းအုပ်ဆရာကြီး ဆုံးမရာမှ ကိုးတန်းကျောင်းသူတစ်ဦးကို  သာယာဝတီ ခရိုင်ပြည်သူ့ဆေးရုံတွင် တင်ထားရကြောင်း ယင်းကျောင်းသူ၏ ဖခင် ဦးဇော်မင်းအောင်က ပြောကြားသည်။ 

စာသင်ချိန်တွင် မုန့်စားသည်ဟုဆို ကာ ၉တန်းကျောင်းသူကို  ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က ညာဘက်နဖူးကို  လက်သီးဖြင့် ထိုးကြိတ်ခဲ့ရာ ကျောင်းသူမှာ မူးမေ့ခဲ့ကြောင်း၊ ယင်းကျောင်းသူတွင် ဖူးရောင်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတင် ကုသခဲ့ရကြောင်း၊ သမီးဖြစ်သူ ပြောကြားချက်အရ အခြား ကျောင်းသူ၊ ကျောင်းသားများကို ထိုးကြိတ် ဆုံးမလေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

"ဆရာများအနေနဲ့ ကျောင်းသားတွေကို ဆုံးမပိုင်ခွင့်တော့ ရှိပါတယ်၊ ဆေးရုံတက်ရသည် အထိတော့ မဆုံးမ သင့်ပါဘူး။ သမီးမိန်းကလေးဆိုတော့ ရှက်တာပေါ့၊ စိတ်ဒဏ်ရာတွေ ကလေးဘ၀ အတွက် ရသွားမှာ မကောင်းဘူး" ဟု မိခင်ဖြစ်သူ ဒေါ်ငြိမ်းမြတ်မြတ်မိုး က ပြောကြားသည်။ 

ဆေးရုံတက်ရောက်နေရသော ကျောင်းသူမှာ အနေအေးကာ စာတော်ကြောင်း၊ ကျောင်းသူတွင် သွေးအားနည်းရောဂါ အခံရှိနေချိန်တွင် ယခုကဲ့သို့ ဆုံးမခြင်းမှာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားခြင်းဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာကြီးမှာ စည်းကမ်းကြောင့် ဆုံးမခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ယင်းကျောင်းသူ၏ အတန်းပိုင်ဆရာမက ပြောကြားသည်။ 

အဆိုပါ ကျောင်းအုပ်ဆရာကြီးမှာ စည်းကမ်းပိုင်း ကောင်းမွန်ပြီး  သုံးဆယ်အထကသို့ ရောက်ရှိချိန်တွင် ကျောင်းသန့်ရှင်းရေး၊ သာယာလှပရေး၊ ကျောင်းဖွံ့ဖြိုး တိုးတက်မှုများမှာ သိသာစွာ ပြောင်းလဲလာကြောင်း ယင်းကျောင်း အကျိုးတော်ဆောင်များထံမှ သိရသည်။ 

အဆိုပါ ကျောင်းသူကို ဆုံးမသော ကျောင်းအုပ်ဆရာကြီးမှာ ခြေထောက်ကျိုးနေသဖြင့် ရန်ကုန်မြို့တော်တွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍  ကျောင်းသားမိဘများ ကျေနပ်သည်အထိ တောင်းပန်မည်ဖြစ်ပြီး သာယာဝတီမြို့နယ်ရှိ အခြေခံကျောင်းများတွင်  ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်၍ သတိပေးသွားမည် ဖြစ်ကြောင်း သာယာဝတီမြို့နယ် ဒုပညာရေးမှူး ဦးနေညွန့်ဦးက ပြောကြားသည်။