News

POST TYPE

NEWS

COVID-19 ကူးစက်ခံရသည့် ၁၄ ယောက်မြောက်လူနာကို ကျောက်မဲမှ လားရှိုးဆေးရုံကြီးသို့ လွှဲပြောင်း
01-Apr-2020


လားရှိုး၊ မတ် ၃၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့မှ COVID-19 ရောဂါပိုးတွေ့ရသည် ၁၄ ယောက်မြောက်လူနာကို ကျောက်မဲ ပြည်သူ့ဆေးရုံကြီးမှ လားရှိုးပြည်နယ် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်လိုက်ကြောင်း ကျန်းမာရေးဌာနထံမှ သိရသည်။ 

“အထူးစီမံထားသော လူနာတင်ယာဉ်နဲ့ သွားခေါ်တာပါ။ လားရှိုးကို မတ်လ ၃၁ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၃၀ လောက်က ရောက်လာပါတယ်”ဟု လားရှိုးမြို့ရှိ  ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့် က ပြောကြားသည်။

အဆိုပါလူနာသည် လတ်တလောတွင် ကျန်းမာနေပြီး ကိုယ်အပူချိန်မြင့်မားနေခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် လက္ခဏာများမရှိကြောင်း ဒေါက်တာတင်မောင်ညွန့်က ဆက်လက်ပြောကြားသည်။ 

ပိုးတွေ့ Case-14 လူနာကို လားရှိုးမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ဆောင်တွင် သီးသန့်ထားရှိကာလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်အရ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ လားရှိုးပြည်သူ့ဆေးရုံကြီး နှင့် မူဆယ်ပြည်သူ့ဆေးရုံကြီး၂ခုကို အသင့်အနေအထားဖြင့် ကုသပေးရန် ပြင်ဆင်စီစဉ်ထားရှိကြောင်း၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း COVID-19 ကူးစက်ခံရသူ လူနာများ ပေါ်ပေါက်လာပါက COVID-19 ကာကွယ်ကုသ စောင့်ရှောက်ရေးကော်မတီ ဆုံးဖြတ်ချက်အရ လားရှိုး၊ မူဆယ်မြို့များရှိ ပြည်သူ့ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ အထူးကြပ်မတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူနာ ၁၀ ဦး အထိ လက်ခံနိုင်ရန် စီမံဆောင်ရွက်ထားသည်ဟု COVID-19 ရောဂါထိန်းချုပ်ကုသ ရေး ကော်မတီထံကသိရသည်။ 

လတ်တလောတွင် အဆိုပါမိသားစုများနေထိုင်ရာ နေအိမ်နှင့်မိသားစု ၄ ဦး ကို HomeQuarantine အဖြစ် သတ်မှတ်ထားရှိပြီး ၎င်းနှင့်ဆက်စပ်သူ ၁၈ ဦးကိုလည်း ၁၄ ရက် စောင့်ကြည်ရန် HomeQuarantine ပြုလုပ်ထားသည်။                 

မမ(လားရှိုး)