News

POST TYPE

NEWS

ခရီးသည်တင်ကားဖြင့် ထားဝယ်ရောက်လာသည့် နိုင်ငံခြားသားတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ ရန်ကုန်ပြန်ပို့
30-Mar-2020

ဓာတ်ပုံ - ကိုဇော် / Dawei Watch  


ထားဝယ်၊ မတ် ၃၀

ခရီးသည်တင်ကားဖြင့် ရန်ကုန်မှ ထားဝယ်သို့လာသည့် နိုင်ငံခြားသားတစ်ဦး ကိုယ်အပူချိန်မြင့်မားနေ၍ ၎င်းနှင့်အတူ လိုက်ပါလာသည့် နိုင်ငံခြားသားနှစ်ဦးနှင့်အတူ ထားဝယ်အဝေးပြေးဂိတ်မှ ရန်ကုန်သို့ ချက်ချင်း ပြန်ပို့လိုက်သည်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား၏ ကိုယ်အပူချိန်မှာ ၁၀၀ ဒသမ ၁ ဖာရင်ဟိုက်ဖြစ်နေပြီး မတ်လ ၃၀ ရက်နေ့တွင် ထားဝယ် အဝေးပြေးကွင်းသို့ မန္တလာမင်းကားဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အင်္ဂလန်နိုင်ငံသားနှင့်အတူ လိုက်ပါလာသည့် အင်္ဂလန်နိုင်ငံသူတစ်ဦး၊ အမေရိကန်နိုင်ငံသားတစ်ဦးကိုလည်း ပါရာဒိုကားစီးလုံးငှားဖြင့် ရန်ကုန်မြို့သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

လက်ရှိတွင် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ထားပြီး ရန်ကုန်သို့ရောက်ပါက ကျန်းမာရေးစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အထက်ပါကားပေါ်တွင် နိုင်ငံခြားသားများနှင့်အတူ ပြည်တွင်းခရီးသည် ၁၈ ဦး လိုက်ပါလာသည့်အတွက် ၎င်းတို့ကို ကိုယ်အပူချိန် စစ်ဆေးခြင်း၊ ဖုန်းနံပါတ်များမှတ်ကာ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း ဦးအောင်ဆန်းဝင်းက ဆိုသည်။

သူတို့ကတော့ လောလောဆယ် ဘာမှ မရှိတာကိုး၊ သူတို့ရဲ့ ဒေတာတွေ ဖုန်းနံပါတ်တွေ ယူထားတယ်လေ၊ ထူးခြားမှုရှိရင် သူတို့ သတင်းပို့ပေါ့ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

အဆိုပါ ခရီးသည်တင်ကားပေါ်တွင် နိုင်ငံံခြားသား စုစုပေါင်း ၅ ဦးလိုက်ပါလာပြီး ၂ ဦးက မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဗီဇာသက်တမ်းလွန်နေ၍ ချန်နေခဲ့ကြောင်း သိရသည်။

Dawei Watch