News

POST TYPE

NEWS

KBZ က ယာဉ်ပိုင်ရှင်များကို ငွေချေးမည်
ရန်ကုန်၊ နိုဝင်ဘာ ၃၀

KBZ ဘဏ်က၂၀၁၇ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည့် အများပိုင် ဘတ်စ်ကားယာဉ်လိုင်းတွင် ပါဝင်လုပ်ကိုင်လိုသော ယာဉ်ပိုင်ရှင်များ ယာဉ်အသစ် ၀ယ်ယူနိုင်ရန် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ငွေချေးမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ယာဉ်သစ်များဝယ်ယူရန် ယာဉ်တစ်စီးအတွက် ဘဏ်ချေးငွေ ကျပ်သိန်း  ၁၈၀ ထုတ်ပေးမည်ဖြစ်ပြီး သုံးနှစ်အရစ်ကျ ပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း KBZ ဘဏ်၏ အကြီးတန်း စီမံခန့်ခွဲမှုမန်နေဂျာ ဦးအောင်ကျော်မျိုးက ပြောကြားသည်။

"ယာဉ်ပိုင်ရှင်ဘက်က တင်ရမယ့် အချက်အလက် ပြည့်စုံတာနဲ့ စချေးလို့ရပြီ။ ယာဉ်ပိုင်ရှင်တွေ တင်ပြတဲ့အစီးရေအတိုင်း ချေးပေးမယ်။ ဘယ်လောက်ချေးမယ်ဆိုတာ ပမာဏမ သတ်မှတ်ထားဘူး" ဟု ၎င်းက ဆိုသည်။

ယာဉ်သစ်များ ၀ယ်ယူပြေးဆွဲရန်နှင့် ဘတ်စ်ကားများ အဆင့်မြှင့်တင်ရန်နှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၉ ရက်က KBZ ဘဏ်ရုံးချုပ်တွင် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီများ၊ ယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ယာဉ်ပိုင်ရှင်များအနေနှင့် ကနဦး ပေးသွင်းရမည့် ငွေပမာဏမှာ ၂၀ ရာခိုင်နှုန်းနှင့် ဘဏ်၏၀န်ဆောင်ခစရိတ် တစ်ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပြီး ဘဏ်မှ ချေးငွေထုတ်ချေးမည့် အသေးစိတ်အချက်အလက်များကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်ပေးမည်ကြောင်း KBZ ဘဏ် ထံမှ သိရသည်။

ယာဉ်ပိုင်ရှင်များအနေနှင့် ယာဉ်ဟောင်းများကို အပ်ရာတွင် ဘတ်စ်ယာဉ်ဟောင်းစလစ်နှင့် CNG စလစ်ကို ယာဉ်သစ်တွင် ပြန် အသုံးပြုနိုင်မည်ဖြစ်ပြီး အသစ်ဝယ်ယူမည့် ယာဉ်များအားလုံးကို  အလုံးစုံ အာမခံထားရှိရမည်ဖြစ်ကြောင်း  ပါဝါအီလဲဗင်း အများပိုင်ယာဉ်လိုင်းမှ ၄၅၊ ၄၈ ယာဉ်လိုင်းပိုင်ရှင် ဦးတရုတ်လေးက ပြောကြားသည်။

"အရင်ဘဏ်တွေက ချေးတဲ့ပုံစံနဲ့ မချေးဘဲ ပုံစံအသစ်နဲ့ ချေးမယ်လို့ ပြောတယ်။ အရင်မူဝါဒအတိုင်းဆိုရင် အခက်အခဲ  ရှိနိုင်တယ်။ အတိုးနှုန်းကလည်း သင့်တယ်လို့ ပြောလို့ရတယ်။ မကြာခင် ထုတ်ချေးမယ်လို့တော့ ပြောတယ်။ ရက်အတိ အကျမပြောသေးဘူး" ဟု ၎င်းကဆိုသည်။

အဆိုပါယာဉ်လိုင်းတွင် ယာဉ်ဟောင်း ၃၀ စီးခန့်ရှိပြီး ဘဏ်မှ ချေးငွေထုတ်ယူကာ ယာဉ်အသစ် ၀ယ်ယူမည်ဖြစ်ကြောင်း၊ တစ်ဦးတည်းပိုင် ယာဉ်ပိုင်ရှင်များအနေနှင့် ယာဉ်အသစ်ဝယ်ယူကာ အများပိုင်ယာဉ်လိုင်းတွင် ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ၎င်းက ဆက်လက်ပြော      ကြားသည်။