News

POST TYPE

NEWS

တပ်ဆေးရုံတွင် ရောဂါကူးစက်ခံရသူရှိပါက ကျန်းမာရေးဝန်ကြီးဌာနသို့ သတင်းပို့မည်ဟု တပ်မတော်ဆို
29-Mar-2020


နေပြည်တော်၊ မတ် ၂၈

တပ်မတော်ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူရှိလာပါက  ကျန်းမာရေးဝန်ကြီးဌာနသို့ သတင်းပေးပို့အကြောင်းကြားမည် ဖြစ်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။

"ထိန်းချုပ်ရမယ့် Quarantine (ကူးစက်ရောဂါရှိသူကို သီးသန့်ထားခြင်း) အဆင့်မျိုးအထိ မရှိသေးပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အစီအမံအတိုင်းပဲ ဆောင်ရွက်မှာဖြစ်တယ်။ ကုသတာတော့ တပ်မတော်ဆေးရုံမှာပဲ ကုသမှာပေါ့၊ တပ်မတော်ဆေးရုံတွေမှာ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာတွေရှိပါတယ်။ သို့သော် ဥပဒေအရတိုင်ကြားရမယ့် ရောဂါဖြစ်တယ်။ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ ဖြစ်နေပြီဆိုလို့ရှိရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ပြောကိုပြောရမှာ ဖြစ် တယ်။ အကြောင်းကြားကို ကြားရမယ်" ဟု ၎င်းကဆိုသည်။

နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ယနေ့ (မတ် ၂၉) နေ့လယ်ပိုင်းက  ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အသိုင်းအဝိုင်းမှ မိသားစုများ ပြည်ပအဝင်အထွက်ရှိသူများကိုလည်း တပ်မတော်အနေနှင့် သွားရောက် စစ်ဆေးလျက်ရှိပြီး လက်ရှိအချိန်တွင် သံသယ လူနာဟူ၍ပင်မရှိသေးကြောင်း၊ တပ်မတော်ဆေးရုံအနေနှင့် တပ်မတော်သားများသာမက ဆေးရုံရှိ ရာ ဒေသခံပြည်သူများကို စောင့်ရှောက်ကုသရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။ 

နိုင်ငံတကာ၏ သတင်းများအရ ယင်းကူးစက်ရောဂါကို ကိုလိုရိုကွင်းဆေးဖြင့် ကုသနိုင်သည်ဟူသော အချက်အလက်ကို တပ်မတော်အနေနှင့် ကြားသိထားရပြီး ယင်းဆေးဖြင့် ကုသနိုင်ခြင်းမရှိဟူ၍ ပြောဆိုမှုများရှိနေကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ကုသရန်ဆေးမရှိသည်ထက်စာလျှင် ဆေးတစ်မျိုးရှိခြင်းသည်က တစ်စုံတစ်ခု အကျိုးရှိမည်ဟုယူဆကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၎င်းအမြင်ကို ရှင်းပြသည်။

"လက်တွေ့လုပ်ဆောင်မှု ရလဒ်အရက ဒီဆေးနဲ့ကုသလို့ ကောင်းလာတယ်လို့ ထောက်ခံထားတဲ့သူတွေရှိတယ်။ ဒီဆေးနဲ့ ကုသပေးလို့ မကောင်းပါဘူး ဆိုပြီးတော့ ထုတ်ပြန်ထားတာမတွေ့ရသေးပါ ဘူး" ဟု ၎င်းကဆိုသည်။

ယင်းဆေးအမျိုးအစားသည် တပ်မတော်အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ရှိနေခြင်းဖြစ်သည်။

တပ်မတော်အနေနှင့် မြို့နယ်၊ ရပ်ကွက် အများအပြားတွင် ဆေးဖျန်းခြင်း၊ ကာကွယ်ရန်နှင့်ကုသရန် စီစဉ်ဆောင်ရွက်မှုများရှိသော်လည်း ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ၏ ရောဂါထိန်းချုပ်ရန် လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေများကို ခွင့်ပြုချက်ရရှိမှသာ ဝင်ရောက်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်စပ်ပြောဆိုသည်။

ကူးစက်ရောဂါကြောင့် နိုင်ငံရေးပါတီဝင်အချို့က ကာ/လုံ (နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) အစည်းအဝေးခေါ်ဆိုရန် ပြောဆိုမှုများရှိနေခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "ကာလုံနဲ့ ပတ်သက်ပြီး ဖွဲ့စည်းမယ့်ဟာတွေ၊ လုပ်ဆောင်ရမယ့်ဟာတွေ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာရှိတယ်၊ ခေါ်ခြင်းမခေါ်ခြင်းကတော့ လက်ရှိနိုင်ငံရေးအာဏာယူထားတဲ့သူ အပေါ်မှာပဲမူတည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

တပ်မတော်၏ တပ်အတွင်း၊ တပ်အပြင် ဝင်ထွက်မှုများတွင် တာဝန်နှင့် လူမှုရေးကိစ္စများမှအပ ပိတ်ပင်တားဆီးမှု  လုံးဝမထားဘဲ ခိုင်လုံသောအကြောင်းပြချက်ရှိပါက ဝင်ထွက်မှုပြုထားကြောင်း၊ လက်ရှိအချိန်အထိ နေရာအသီးသီးရှိ  တပ်မတော် စစ်ဆေးရုံများနှင့် အရပ်ဘက် ပြည်သူ့ဆေးရုံကြီးများကိုလည်း ဆေးဝါး၊ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

S-01