News

POST TYPE

NEWS

ကုန်ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းမပြုရန် တိုင်းအစိုးရ မေတ္တာရပ်ခံ
29-Mar-2020


ပုသိမ်၊ မတ် ၂၈

Covid-19 ကိုရိုနာဗိုင်းရပ်စ်ဂယက်ကို အကြောင်းပြု၍ ဧရာဝတီတိုင်းအတွင်း၌ ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မပြုလုပ်ကြရန် တိုင်းဒေသကြီးအစိုးရက စားသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုး လက်လီလက်ကား ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သူများကို မေတ္တာရပ်ခံလိုက်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

မတ် ၂၆ ရက်က ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက်ရှိ တိုင်းဒေသကြီး စားသူရေးရာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် Covid-19 အရေးပေါ် အခြေအနေကာလ စားသုံးကုန်နှင့် အခြားကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ညှိနှိုင်းအစည်းအဝေးတွင် တိုင်းအစိုးရကိုယ်စား တိုင်းဒေသကြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်းက လုပ်ငန်းရှင်များကို မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

"အဆိုးဆုံးအခြေအနေတွေအတွက် ကျွန်တော်တို့တွေ ကြိုတင်ပြင်ဆင်ထားရမှာပါ၊ လုပ်ငန်းရှင်တွေနဲ့လည်း  ကွန်ရက်တွေဖွဲ့ပြီး လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်၊ လုပ်ငန်းရှင်တွေအနေနဲ့ ဈေးနှုန်းကို အဆမတန်အများကြီးတိုးမြှင့်ရောင်းချတာတွေ မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်၊ ကောလာဟလတွေကိုလည်း မယုံ ကြည်ကြပါနဲ့၊ ဧရာဝတီတိုင်းအတွက် စားနပ်ရိက္ခာ အပြည့်အဝပြင်ဆင်ထားပါတယ်" ဟု တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းကပြောသည်။

Covid-19 နှင့်ပတ်သက်သည့် ကောလာဟလသတင်းများ ထွက်ပေါ်လာပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံများက ကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်းနှင့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် စသည့် မီးချောင်သုံး ကုန်ပစ္စည်းအချို့ နှင့် MASK ၊ ပိုးသတ် လက်ဆေးအဆီ/အရည်နှင့် ပိုးသတ်ဆေးဆပ်ပြာ၊ ပိုးသတ်ဆေးစသည့် ဆေးပစ္စည်းများ ရုတ်တရက်ဈေးနှုန်းမြင့်တက်ကာ အချို့မှာဝယ်ယူ၍မရတော့ကြောင်း စားသုံးသူများထံက သိရသည်။

ကုန်ပစ္စည်းများကို လိုအပ်သည်ထက် ဈေးနှုန်းမြှင့်ရောင်းချသဖြင့် စားသုံးသူများအတွက် ကုန်ပစ္စည်းပေါ်၌ ဖြစ်စေ ဝန်ဆောင်မှုအရ ဖြစ်စေ နစ်နာခဲ့ပါက  တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူများက နစ်နာမှုအတွက် တိုင်ကြားလာပါက ဥပဒေကြောင်းအရ ဖြေရှင်းခြင်းနှင့်ဆိုင်ကို ပြစ်ဒဏ်ပေးပိတ်သိမ်းခြင်းများကို ပြု  လုပ်နိုင်ကြောင်း တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောသည်။

"ဆိုင်ပိတ်ထားတာတွေ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေ တိုင်ကြားတဲ့အခါ စားသုံးသူက တကယ်နစ်နာမှုကို ဖော်ပြပေးနိုင်မှ ဆောင်ရွက်ပေးနိုင်ပါတယ်၊ စိုးရိမ်စရာအခြေအနေရှိတယ်ဆိုရင် မီဒီယာတွေအနေနဲ့လည်း အချိန်မရွေး စားသုံးသူရေးရာဌာနကို ဝင်ထွက်မေးမြန်းတာတွေ ပြုလုပ်နိုင်ပါတယ်" ဟု ၎င်းက  ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းမှ ထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ သီးနှံ၊ သားငါးနှင့် ငရုတ်တို့မှာ သာမန်ဖြစ်မြဲ ဈေးနှုန်းသာ ရှိနေသော်လည်း ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုး၊ ဆီ၊ ကြက်သွန် ၊ အာလူးတို့ ရန်ကုန်ဈေးကွက်နှင့် ကုန်စည်စီးဆင်းအပေါ် မူတည်၍ ဈေးနှုန်းအတက်အကျ ရှိနေကြောင်း၊ အချို့ဆိုင်များပိတ်ထားခြင်း မဟုတ်ဘဲ စုပြုံဝယ်ကြသည့်သူများကြောင့် တံခါးတစ်ခြမ်းပိတ် ရောင်းချရခြင်းသာဖြစ်ကြောင်း စားသောက်ကုန် ပစ္စည်းအမျိုးမျိုး၊ ဆေးနှင့် ဆေးပစ္စည်း အမျိုးမျိုး လက်လီလက်ကားရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သူများက ယင်းအစည်းအဝေးတွင်ပြောသည်။ 

R-04