News

POST TYPE

NEWS

ကိုရိုနာသံသယလူနာများကို တပ်မတော်စစ်ဆေးရုံကြီးမှ ကူညီကုသပေးမည်
26-Mar-2020

ဓာတ်ပုံ(WMT)
တပ်မတော်စစ်ဆေးရုံကြီးတွင် ကိုရိုနာသံသယ လူနာများကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထားပုံ

ကျိုင်းတုံ၊မတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါ သံသယလူနာများတွေ့ရှိပါက တပ်မတော်စစ်ဆေးရုံကြီးမှ ကူညီကုသပေးမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောကြားသည်။

"ပြည်သူ့ဆေးရုံကြီးမှာက သံသယလူနာ ထားတဲ့အခန်းက ၁၅ ယောက်လောက်ပဲ ထားလို့ရတယ်။ပိုးတွေ့လူနာဆိုရင် လေးယောက်စာပဲ ရှိတယ်။ဒါ့ကြောင့် တိုင်းမှူးကြီးက နယ်ဖက်က အခက်အခဲတွေကို အဆင်ပြေအောင် စစ်ဆေးရုံကြီးမှာ ကြိုတင်ပြင်ဆင်ပေးခဲ့တာပါ"ဟု ၎င်းကဆိုသည်။

ကျိုင်းတုံမြို့တွင် ကိုရိုနာသံသယ လူနာများနှင့် ပိုးတွေ့ရှိသူများကို ကုသနိုင်ရန် ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီးနှင့် ခုတင် ၃၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်ထားသည့်အပြင် အစုလိုက်အပြုံလိုက် စောင့်ကြည့်ရန်လိုအပ်သူများ နေထိုင်နိုင်ရန် ကျိုင်းတုံတက္ကသိုလ်တွင် ပြင်ဆင်ထားကြောင်း ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး  ဦး ဝင်းမင်းသိန်းက ရှင်းပြသည်။

ကိုရိုနာသံသယရှိသူများကို စောင့်ကြည့်ကုသနိုင်ရန်အတွက် ခုတင်(၃၀၀) တပ်မတော်စစ်ဆေးရုံကြီးတွင် ကျား ၂၀ ဦးနှင့် မ ၂၀ ဦးဆံ့ အခန်းများ ကြိုတင်ပြင်ဆင်ထားသည့်အပြင် ပိုးတွေ့လူနာများအတွက် ၂၀ ဦးဆံ့ သီးသန့်ကုသခန်းကို ကြိုတင်ပြင်ဆင်ထားကြောင်း အဆိုပါတပ်မတော်စစ်ဆေးရုံကြီးထံမှ သိရသည်။

R-12