News

POST TYPE

NEWS

ပြည်ပမှ ပြန်လာသူများကို သီးသန့်ထားရန် ဧရာဝတီတိုင်းအစိုးရ စီစဉ်
26-Mar-2020
ပုသိမ်တက္ကသိုလ်ရှိ ပြည်ပပြန်များ စောင့်ကြည့်စောင့်ရှောက်ရေးစခန်း

ပုသိမ် ၊ မတ်၂၆ 

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ပြန်လည် ဝင်ရောက်လာသည့် ဧရာဝတီတိုင်း အတွင်းနေထိုင်သူများကို သီးသန့်ထားရှိရန် အတွက် တိုင်းဒေသကြီးအစိုးရက စီမံချက်ရေးဆွဲ၍ တိုင်းဒေသကြီးတွင်းရှိ မြို့နယ်တိုင်းတွင် စီစဉ်ထားပြီးဖြစ်ကြောင်း တိုင်းအစိုးရရုံးမှ သိရသည်။

ပြည်ပမှ မိမိတို့နေရပ်သို့ ပြန်လာသူများအနေဖြင့် COVID 19 ဗိုင်းရပ်စ်ရောဂါကူးဆက်ခံရခြင်း ရှိမရှိ စောင့်ကြည့်စစ်ဆေးနိုင်ရန် ၊ ရောဂါရှိလာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဒေသအတွင်း ကူးစက်ပြန့်ပွားခြင်းမရှိစေရန် ရောဂါထိန်းချုပ်ပျောက်ကင်း စေရန်တို့အတွက် ရည်ရွယ်၍ တိုင်းပြည်နှင့် ပြည်သူကိုကာကွယ်ရန်အတွက် စီစဉ်ရခြင်းဖြစ်ကြောင်း တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကပြောကြားသည်။



"ပြည်ပက ပြန်ရောက်လာသူတွေအနေနဲ့ အစိုးရကသီးသန့်စီစဉ်ထားပေးထားတဲ့ သတ်မှတ်နေရာတွေမှာ အစိုးရ ၊ ကျန်းမာဌာနနဲ့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များရဲ့ စောင့်ရှောက်မှုကို ခံယူသင့်ပါတယ်၊ တိမ်းရှောင်နေတာမျိုး မလုပ်သင့်ပါဘူး" ဟု ၎င်း ကဆက်ပြောသည်။

ပြည်ပမှပြန်ရောက်သူများကို မြို့နယ်အသီးသီးတွင် စောင့်ကြည့်နေရာ ၊ သံသယရှိသူအား ကန့်သတ်နေရာ ၊ ထိန်းချုပ်ကုသရေးနေရာ စသည်ဖြင့် သတ်မှတ်ထားရှိပြီး ပုသိမ်မြို့တွင်မူ စောင့်ကြည့်နေရာများ ဖြစ်သည့် ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင် ၊တေဇဆောင် ၊ ဥမ္မာဒန္ဒီ အရောင်း အိမ်ယာတို့ကို သတ်မှတ်၍ ပြည်ပမှ ပြန်ရောက်လာသူများကို ကျန်းမာရေးနှင့်၊ စားသောက်နေထိုင်ရေးတို့အတွက် တိုင်းအစိုးရ ကတာဝန်ယူကာ ၊စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့်လည်း စောင့်ရှောက်ပေးထားမည်ဖြစ်သည်။



"စောင့်ကြည့်သီးသန့်အခန်းတွေကို သန်းရှင်းပြီး လုံလုံလောက်လောက် စီစဉ်ထားပြီးပါပြီ ။ရှောင်တိမ်းနေတာမျိုး မလုပ်ကြပါနဲ့ အစိုးရရဲ့ကျန်းမာရေးစောင့်ရှောက်မူ့ကို ခံယူကြပါ သီးသန့်နေရာမှာ ၁၄ ရက်စောင့်ကြည့်ခံပြီးမှ မိမိတို့ နေရပ် ၊ရပ်ကွက် ၊နေအိမ် ကို ပြန်ခွင့်ရကြမှာပါ" ဟု ပုသိမ်မြို့ရှိ ပြည်ပပြန်သူများ စောင့်ကြည့် စခန်းမှ တာဝန်ရှိသူကဆိုသည်။

ကိုရိုနာ Covid 19 ဗိုင်းရပ် ရောဂါကာကွယ်ရေးအတွက် ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို တိုင်းခရိုင် မြို့နယ် အဆင့်ဆင့်သော အုပ်ချုပ်ရေးဌာနကျန်းမာရေးဌာန နှင့်မိတ်ဘက်ဌာန အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း ပြည်ပမှ ပြန်လည်ရောက်ရှိသူများအနေဖြင့် အစိုးရအဖွဲ့မှချမှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာခြင်းမရှိပါ၍ လိုအပ်လာပါကအစိုးရအနေဖြင့် ဒေသန္တရ ဥပဒေထုတ်ပြန်ကာ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

R-04