News

POST TYPE

NEWS

သင်္ကြန်ရုံးပိတ်ရက်များတွင် အဝေးပြေးယာဉ်လိုင်း ၁၁ လိုင်းမှ ပိတ်ရက်မရှိပြေးဆွဲမည်
26-Mar-2020


ရန်ကုန် ၊ မတ် ၂၆

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နေရပ်ပြန်မည့်သူများအတွက် အောင်မင်္ဂလာအဝေးပြေးဝင်းတွင် တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးများကို ပြေးဆွဲနေသည့် ယာဉ်လိုင်း ၁၁ လိုင်းမှ ပိတ်ရက်မရှိပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင် ကပြောကြားသည်။

အဆိုပါအောင်မင်္ဂလာအဝေးပြေးတွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနေဖြင့် ဧပြီ ၉ ရက်နေ့အထိ ၂၂၆ လိုင်း အပြည့်ပြေးဆွဲသွားမည်ဖြစ်ပြီး ယင်းယာဉ်လိုင်းများမှာဧပြီ ၁ဝ ရက်နေ့မှစတင်ကာ အလှည့်ကျပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"သင်္ကြန်မတိုင်မီဖြစ်တဲ့ ကိုးရက်နေ့ဆယ်ရက်နေ့အထိ ပုံမှန်ပြေးဆွဲနိုင်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ယာဉ်လိုင်းတွေကို ရပ်အလိုက်နားပါ့မယ်။ ယာဉ်လိုင်း ၁၁ လိုင်းကတော့ ရုံးပိတ်ရက်အတွင်းမှာ မနားပဲပြေးဆွဲပေးပါမယ်" ဟု ဦးလှအောင်ကပြောသည်။

ထို့ပြင် ယာဉ်လိုင်းများအနေဖြင့် အွန်လိုင်းမှလက်မှတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး အချို့ယာဉ်လိုင်းများသည် ရုံးပိတ်ရက်နီးမှ ရောင်းချသည့်စနစ်များဖြင့် ဆောင်ရွက်နေကာ ယာဉ်စီးခ ပိုမိုတောင်းခံမှုများရှိပါက တိုင်ကြားနိုင်ကြောင်း YRTA ထံမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ရန် အဝေးပြေးကွင်းသုံးခုရှိကာ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၂၂၆ လိုင်းကျော်ဖြင့် ပြေးဆွဲနေကြောင်းသိရသည်။



ဒဂုံဧရာအဝေးပြေးဝင်းတွင် ယာဉ်လိုင်းပေါင်း ၁ဝဝ ကျော်ဖြင့် ပြေးဆွဲနေကာ ဧပြီ ၁၂ ရက်နေ့တွင် ၉၂လိုင်း ၊ ၁၃ ရက်နေ့တွင် ၈၉ လိုင်းသာပြေးဆွဲမည်ဖြစ်ပြီး ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယာဉ်လိုင်းများအားလုံးရပ်နားကာ ၁၇ ရက်နေ့မှ ပုံမှန်ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကိုချိတ်ဆက်ပြီး ဒလမြို့နယ်မှ ယာဉ်လိုင်း ၂၃လိုင်းပြေးဆွဲလျက်ရှိကြောင်းနှင့် အဆိုပါ ယာဉ် လိုင်း ၂၃ လိုင်းသည် ဧပြီ ၁၂ ရက်နေ့အထိ ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိရပ်နားမည်ဖြစ်ကာ
ဧပြီ ၁၇ ရက်တွင် ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် သင်္ကြန်ရုံးပိတ်ရက်ကာလတွင် အောင်မင်္ဂလာအဝေးပြေးမှ ခရီးသည် ၁၇ဝ,ဝဝဝကျော်နှင့် ဒဂုံဧရာအဝေးပြေးကွင်း မှ ခရီးသည် ၆ဝ,ဝဝဝကျော် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) ထံမှ သိရသည်။

S-05