News

POST TYPE

NEWS

ပြည်တော်ပြန် လုပ်သားများကို ကိုယ်အပူချိန်စစ်ပြီး နေရပ်ပြန်ပို့
26-Mar-2020


မုံရွာ ၊ မတ် ၂၆

ထိုင်းနိုင်ငံမှ စစ်ကိုင်းတိုင်းဒေသကြီးသို့ပြန်လာသည့် နေရပ်ပြန်အလုပ်သမား ၆၄ ဦးကို မတ်လ ၂၅ နေ့က စစ်ကိုင်းတိုင်းကျန်းမာရေးဌာနမှ ကိုယ်အပူချိန်စစ်ဆေးကာ နေရပ်မြို့နယ်များသို့ ပြန်ပို့ခဲ့ကြောင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနထံမှသိရသည်။



ကမ္ဘာတွင်ပြန့်ပွားနေသော ကိုရိုနာဗိုင်းရပ်ရောဂါကြောင့်ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော စစ်ကိုင်းတိုင်းမှ အလုပ်သမားများ ကရင်ပြည်နယ် မြဝတီနပ်စပ်ဂိတ်က ပြန်ဝင်လာကြရာတွင် ဖျားနာခြင်းကိုယ်အပူချိန်ရှိမရှိ ကျမ်းမာရေးစစ်ဆေးပြီးနောက် နေရပ်မြို့နယ်များသို့ပြန်ပို့ခဲ့ကြောင်း မုံရွာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်ကပြောကြားသည်။

"မတ်လ၂၅ နေ့မှ စလုပ်တယ်၊ မြို့နယ်အလိုက်ခွဲထားပြီး စာရင်းယူပြန်ပို့တာပါ ၊ မြဝတီက ဘက်ကဝင်လာသူတွေ စာရင်းရရှိပြီး စစ်ကိုင်းတိုင်းက မြို့နယ်အလိုက် ထွေအုပ်ရုံးကစီစဉ်ပြန်ခေါ်သွားကြပါတယ်။ အိမ်ရောက်ရင် နေအိမ်မှာသီးခြား ၁၄ ရက်နဲ့နေဖို့ အသိပေးထားတယ်။ ဖျားနာသူတစ်ယောက်မှပါမလာပါဘူး "ဟု ဦးအာကာမြင့် ကပြောကြားသည်။



မုံရွာမြို့အဝင် တောင်ဖက်တိုးဂိတ် မြောက်ဖက်အလုံဂိတ် သလ္လာဝတီ သ‌‌ေင်္ဘာ ကျောက်ကာလမ်းတို့တွင် မတ်လ ၂၅ နံနက်မှစတင်ပြီး ခရီးသည်ကားများမှ ခရီးသည်ကိုယ်အပူချိန်စစ်ဆေးမှု လုပ်ငန်းစတင်ဆောင်ရွက်နေသည်။

စစ်ကိုင်းတိုင်းအစိုးရ လူမှုရေးဝန်ကြီးဥက္ကဌ အဖြစ်ဆောင်ရွက်သည့် Covid 19 ကာကွယ်ထိန်းချုပ်ကုသရေး တိုင်းအဆင့် လုပ်ငန်းကော်မတီကို မတ်လ ၁၈ ရက်ကဖွဲ့စည်းထားပြီး နေရပ်ပြန်မြန်မာနိုင်ငံသားများ ပြန်ရောက်လာပါက နေအိမ်တွင် ၁၄ ရက်သီးခြားခွဲနေရန် သတိပေးထားပြီးဖြစ်သည်။

R-08