News

POST TYPE

NEWS

နာရေးလမ်း အငြင်းပွားပိတ်ဆို့ရာမှ ပစ်ခတ်မှုဖြစ် ၁ ဦးသေ သံဃာ ၁ ပါး နှင့် အရပ် သား ၃ ဦးဒဏ်ရာရ
25-Mar-2020


ပုသိမ် ၊ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာတွင် မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က နာရေးပို့ဆောင်သည့်လမ်း အငြင်းပွားပိတ်ဆို့ရာမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ သံဃာ ၁ ပါး နှင့် အရပ်သား ၃ ဦး ဒါဏ်ရာ ရရှိကြောင်း မျက်မြင်တွေ့ရှိသူများထံကသိရသည်။



ဇင်ပြွန်းကုန်းကျေးရွာ အနောက်ပိုင်းမှ သေဆုံးသူ ဒေါ်ပျော့ ခေါ် ဒေါ်ခင်လှိုင်၏ ရုပ်အလောင်းကို အများပြည်သူ အသုံးပြုခွင့်ရှိသည့် လမ်းမှ သုသန်သို့ ပို့ဆောင်လာစဉ် ရွာအရှေ့ပိုင်းနေထိုင်သူများက တားဆီးပိတ်ဆို့ကြောင်း ဖြစ်ပေါ်လာသည့် လူစုလူဝေးကို ရဲတပ်ဖွဲ့ က ထိမ်းသိမ်းဆောင်ရွက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကပြောသည်။

ပစ်ခတ်မှုကြောင့် အသက် ၂၉ နှစ်ရှိ ကိုသိန်းထွဋ်အောင် သေဆုံးခဲ့ပြီး သက်တော် ၅၇ နှစ်ရှိ ဗောဓိမဏ္ဍိုင် ဆရာတော်နှင့် အသက် ၃၃ နှစ် ရှိကြသော ဦးပြုံးချို ၊ ဦးနိုင်မင်းသူ ၊ အသက် ၄၉ နစ်ရှိ ဦးခင်သောင်းတို့တွင် ပေါင်၊ တင်ပါး နှင့် မျက်နှာအသီးသီးတွင် ဒါဏ်ရာရရှိ၍ ကျုံပျော်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဇင်ပြွန်းကုန်းရွာမှ မျက်မြင်တွေ့ရှိသူ ဒေါ်အေးသန္တာလွင်က The Voice ကိုပြောသည်။



"အရှေ့ပိုင်းက လူတွေက သူတို့ဘက်ကနေလမ်းကို ဖြတ်ပြီး နာရေးမပို့နိုင်အောင် အများနဲ့သက်ဆိုင်တဲ့ ရွာလမ်းမကြီးကို ပိတ်ဆို့ထားတယ်၊ နာရေးပိုင်ရှင်နဲ့ လိုက်ပို့သူက အလောင်းကို အဲနေရာမှာချထားတာကို ရဲတပ်ဖွဲ့က ကျွဲလမ်းဘက်ကဆွဲဖို့လုပ်တယ် ဒါကို ကျွန်မဘက်ကအလောင်းကို ပြန်လုတာမှာ ရဲကသေနပ်နဲ့ပစ်တာ" ဟု ၎င်း ကဆက်ပြောသည်။



နာရေးပိုင်ရှင်နှင့် လမ်းပိတ်ဆို့ထားသည့်သူများအား အခင်းမဖြစ်ခင်အချိန်က သက်ဆိုင်ရာတာဝန်ဌာနများ ပါဝင်သော မြို့နယ်အုပ်ချုပ် ရေးအဖွဲ့က ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးသော်လည်း နှစ်ဘက်ပြေလည်မှု မရခဲ့ကြောင်း လူအုပ်နှစ်ဘက်အကြား တားဆီးနေသည့် ရဲတပ်ဖွဲ့ကို နာရေးပို့ဆောင်လာသည့် လူအုပ်အတွင်းမှ ခဲများ တုတ်များဖြင့် ရန်ပြုလာ၍ ပစ်ခတ်မှုဖြစ်ပွားရကြောင်း တာဝန်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ယင်းကျေးရွာတွင် နာရေးလမ်းအသုံးမှုနှင့် ပတ်သက်၍ မကြာခဏ အငြင်းပွားနေ၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ယင်းကျေးရွာရှိ အများနှင့်သက်ဆိုင်သော မည်သည့်လမ်းမဆို နာရေးပို့ဆောင်ရန် အသုံးပြုနိုင်ကြောင်း တိုင်း ခရိုင်မြို့နယ်အုပ်ချုပ်ရေး အတည်ပြု အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်ပွားကို တိုင်းဒေသ ရဲတပ်ဖွဲ့မှ အနီးကပ်ကြီးကြပ်၍ စစ်ဆေးမှုများဆောင်ရွက်နေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်မှူးရုံးမှသိရသည်။

R 04