News

POST TYPE

NEWS

တောင်ငူတွင် ထိုင်းမှပြန်လာသူ ငါးဦး သီးခြားစောင့်ကြည့်
25-Mar-2020


တောင်ငူ၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရပ်ကွက်ကျေးရွာများတွင် မတ်လ တတိယပတ်ခန့်က ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာသူ ငါးဦးကို သီးခြားခေါ်ယူစောင့်ကြည့်နေသည်ဟု တောင်ငူမြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာအိအိမင်းနောင်က ပြောကြားသည်။

အဆိုပါအမျိုးသား ၊အမျိုးသမီး ငါးဦးကို မတ်လ၂၅ ရက်နေ့နံနက်က စတင်ပြီး တောင်ငူမြို့နယ် စစ်တောင်းမြစ် ကမ်းနားလမ်း ရှမ်းမင်းသားဟိုတယ်တွင် သီးခြားခေါ်ယူ စောင့်ကြည့်နေခြင်းလည်းဖြစ်ပြီး အဆိုပါဟိုတယ်မှာ လုပ်ငန်းရှင်က ကျန်းမာရေးဦးစီးဌာနကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကျန်းမာရေးဌာနကို အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်။

"အသက်၂၀ ကနေ ၃၄ နှစ်အကြား အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားလေးဦးပါ။ ကျန်းမာရေးလည်းကောင်းမွန်ပြီး စိုးရိမ်စရာမရှိဘူး။အကုန်လုံး ထိုင်းပြန်လာတာပါ" ဟု ဒေါက်တာအိအိမင်းနောင်က ပြောသည်။

တောင်ငူမြို့နယ်အတွင်း COVID-19 သံသယလူနာ ၄၀ ခန့်ကို ခပေါင်းခန်းမတွင် စောင့်ကြည့်နေသည် ဆိုသောသတင်းမှာမူ မှားယွင်းပြီး နိုင်ငံခြားမှပြန်လာသူများကို ရပ်ကွက်ကျေးရွာအလိုက် စောင့်ကြည့်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံမှသိရှိရသည်။

"လူနေရပ်ကွက်တွေနဲ့ နီးကပ်တဲ့နေရာမှာ စောင့်ကြည့်ဖို့ထားတာ စိတ်ထဲမှာစိုးရိမ်တယ်" ဟု ရှမ်းမင်းသားဟိုတယ်အနီး နေထိုင်သူ အမျိုးသား တစ်ဦးက သုံးသပ်ပြာဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ပြီး ထိုင်းနိုင်ငံ မယ်ဆောက်မြို့မှတစ်ဆင့် ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာသူများအနက် ၂၀၀၀ မှ ၄၀၀၀ ကြားသည် ပဲခူးတိုင်း အနောက်ခြမ်းနှင့်အရှေ့ခြမ်းမှ ဖြစ်သည့်အတွက် စနစ်တစ်ကျ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။

R-02