News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ် သတင်းမှန်ရရှိရေး ရခိုင်တွင်အင်တာနက်ပြန်ဖွင့်ပေးရန်တောင်းဆို
25-Mar-2020


ရန်ကုန်၊ မတ် ၂၅

လက်ရှိပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် သတင်းအမှန်ရရှိရေးအတွက် အင်တာနက်ဖြတ်တောက်ခံနေရသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များအတွက် အင်တာနက်ပြန်သုံးခွင့်ပေးရန် အပစ်ရပ်လက်မှတ်ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က တောင်းဆိုချက်တစ်စောင်ကို မတ်လ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် အစိုးရက အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် မြေပုံမြို့များကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထပ်မံ၍ အင်တာလိုင်းများ ဖြတ်တောက်ခဲ့ပြန်သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကပ်ဆိုးဆိုက်ရောက်နေသည့်ကာလတွင် နိုင်ငံအသီးသီးရှိလူများ အပြင်မထွက်ဘဲ အိမ်တွင်းနေထိုင်ကြရန်နှင့် ရောဂါကာကွယ်ရေး ပညာပေးခြင်းများကို လိုက်နာဆောင်ရွက်ကြရန် ဆော်သြနေကြချိန်တွင် အင်တာနက်ဖြတ်တောက်ခံရသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များအတွက် စိုးရိမ်မိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ၏ ကျန်းမာရေးနှင့် ထမင်းနပ်မှန်စားသောက်နိုင်ရေးကို များစွာစိုးရိမ်မိပြီး လက်ရှိကာလတွင် တောရွာနေပြည်သူများ သတင်းမှန်ရရှိနိုင်ရန်အတွက် အင်တာနက်မဖြစ်မနေ လိုအပ်နေသည့်အတွက် အင်တာနက်ပြန်သုံးခွင့် ဆောင်ရွက်ပေးရန် အစိုးရထံတိုက်တွန်းကြောင်း ALP ကဆိုသည်။

အလားတူ စစ်ဘေးရှောင်ပြည်သူများကို COVID-19 နှင့်သက်ဆိုင်သည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို စစ်ဘေးရှောင်စခန်းများတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရန်နှင့် စစ်ဘေးရှောင်ပြည်သူများ၏ အသက်ရှင်ရပ်တည်ရေးအတွက် လုံလောက်သောရိက္ခာများ ဖြန့်ဖြူးပေးရန် အစိုးရကို အလေးအနက်တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူအချို့ကလည်း လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အင်တာနက်အသုံးပြုမှု ပြန်ဖွင့်ပေးရန် တောင်းဆိုမှုများလည်းရှိနေသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအနေနှင့် ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေမရှိသေးသော်လည်း တစ်ဖြည်းဖြည်းပျံ့နှံ့လာနေသည့် ကူးစက်မှုအခြေအနေများကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်လိုအပ်ပြီး ရောဂါထိန်းချုပ်ရေးအတွက် သတင်းအမှန်များ စီးဆင်းရေး၊ အင်တာနက်ပြန်ဖွင့်ရန် လိုအပ်ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောကြားသည်။

“အင်တာနက်မှာတောင် သတင်းအမှန်အမှား ခွဲခြားရခက်နေတယ်။ အခုက အင်တာနက်ပြန်ရဖို့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုနေကြတယ်။ စစ်ရေးက တစ်ပိုင်းပေါ့။ အခုက လူသားချင်းစာနာထောက်ထားမှုအရေးဖြစ်နေတယ်။ အစိုးရအနေနဲ့ ပြန်စဉ်းစားပေးဖို့ လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိလာပြီဖြစ်သည်။

S-04