News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် တပ်မတော်က အရပ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မည်
23-Mar-2020
ရန်ကုန်၊ မတ် ၂၂

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် တပ်မတော်အနေနှင့် အရပ်ဘက် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် စီမံချက်ချမှတ်ထားကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေနှင့် အရပ်ဘက် ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တပ်မတော် စစ်ဆေးရုံပေါင်း ၁၇ ရုံကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်ရေးအနေနှင့် နယ်လှည့်စောင့်ကြည့်ခြင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စောင့်ကြည့်ထိန်းချုပ်မှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်အနေနှင့် နယ်စပ်ဝင်ပေါက်များတွင် အကူအညီတောင်းခံလာပါက တပ်မတော်မှ ဆေးမှူးများ၊ သူနာပြု စစ်သည်များကို စေလွှတ်ပေးသွားရန် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ပညာပေးရေး အစီအစဉ်အနေနှင့်လည်း ရောဂါကာကွယ်ရေးအစီအမံများကို တပ်မတော်ပိုင် သတင်းဌာနများက ထုတ်လွှင့်ပေးနေကြောင်း ၎င်းကပြောဆိုသည်။

ရောဂါကူးစက်ခံရမှု အရောင်အဆင့် သတ်မှတ်ချက်အလိုက် တပ်မတော် သူနာပြုများ၊ ဆေးမှူးများ၊ ဆရာဝန်များကို နယ်မြေအလိုက် စေလွှတ်ပေးသွားရန် အဆင်သင့်ရှိကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းများ အကူအညီပေးရေးအတွက် အသင့်လုပ်ဆောင်ထားခြင်းကို တိုင်းနှင့် ပြည်နယ်အသီးသီး တွင်ရှိသည့်ဆေးရုံများကို ကူညီပေးသွား မည်ဖြစ်ကြောင်း၊ ရောဂါရှာဖွေစမ်းသပ်မှု များတွင်လည်း တပ်မတော်ပိုင် ဓာတ်ခွဲခန်းများကို အသင့်ပြင်ကာ ကူညီပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တပ်မတော်အနေနှင့်လည်း ရောဂါကာကွယ်ရေးအတွက် တပ်မတော်တပ်ရင်း တပ်ဖွဲ့အားလုံးကို ညွှန်ကြားထားပြီးဖြစ်ကာ တပ်မတော်တပ်ရင်းအသီးသီးတွင် ကိုယ်အပူချိန်စစ်ဆေးခြင်းအပါအဝင် ရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကဆိုသည်။

"ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့လည်း စီမံချက်များ စနစ်တကျရေးဆွဲထားပြီး လက်တွေ့လုပ်ဆောင်နိုင်မယ့် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းစကားပါးလိုပါတယ်" ဟု ၎င်းကဆိုသည်။

တပ်မတော်အနေနှင့် မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် တပ်မတော်နေ့ စိန်ရတုအခမ်းအနားကိုလည်း ရွှေ့ဆိုင်းလိုက်ကြောင်း ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားလာသည့် ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ကြေညာခဲ့သည်။

S-04