News

POST TYPE

NEWS

ပြည်တော်ပြန် မြန်မာလုပ်သားများ နေအိမ်တွင်သာ ကန့်သတ်နေထိုင်ကြရန် အစိုးရ ညွန့်ကြား၊ လိုက်နာမှုရှိမရှိ ကို ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်မည်
22-Mar-2020


ရန်ကုန်၊ မတ် ၂၂

ထိုင်းမှ မြန်မာနိုင်ငံသို့ ပြည်တော်ပြန် မြန်မာလုပ်သာများအနေနှင့် မိမိတို့၏ နေအိမ် များတွင် နေထိုင်၍ အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည့် ကာလအတွင်းသက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ညတွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုင်း မှ ပြန်လည် ဝင်ရောက်လာသူများပြားလွန်းသဖြင့် ကန့်သတ်နေရာတွင် ထားကာ မစောင့်ကြည့်တော့ဘဲ ၎င်းတို့၏ နေအိမ် များတွင် ထားရှိကာ အသွားအလာကန့်သတ်မည်ဖြစ်ပြီး ကန့်သတ်ကာလအတွင်း နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။




မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှာလည်း ယခုရက်ပိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှု များပြားလာကာ သေဆုံးမှုများလည်းမြင့်တက်လာသဖြင့် မြန်မာနိုင်ငံတွင်လည်း ပြည်သူများအနေဖြင့် COVID-19 ရောဂါ၏ မိမိတို့နိုင်ငံအပေါ်ရိုက်ခတ်နိုင်သော အခြေအနေအတိမ်အနက်ကိုသိရှိကာ ပေါ့လျော့ခြင်းလုံးဝမရှိဘဲ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် ထုတ်ပြန်ထားသည့် အချက်များကို စနစ် တကျလိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ကြပါရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒေါက်တာ မြင့်ထွေးတိုက်တွန်း ပြောကြားခဲ့ပါသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို နယ်စပ်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ထားသလို ၎င်းတို့၏နေရပ်များရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ကာ စောင့်ကြည့်မှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ဆို သည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးရာကျော်အထိရှိလာသည့်အတွက် ထိုင်းနိုင်ငံအတွင်း အသွားအလာကန့်သတ်မှုများ ပြုလုပ်လာပြီး စက်ရုံအလုပ်ရုံများလည်း ပိတ်လိုက်သည့်အတွက် ၎င်းနေရာများတွင်လုပ်ကိုင်နေသည့်မြန်မာအလုပ်သမားများမှာ မြန်မာနိုင်ငံဘက်သို့ ထောင်နှင့်ချီကာ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

“ဝင်သွားတဲ့သူတွေကိုတော့ အဖျားတိုင်းတာ၊ချောင်းဆိုးတာမျိုးတွေ စစ်ဆေးတယ်။ပြီးတော့ လိုအပ်တဲ့ ဖောင်တွေဖြည့်ခိုင်းတယ်။သူတို့ သွားမယ့် နေရပ်က ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေကို သူတို့ ဖျားနာ၊ချောင်းဆိုး လက္ခဏာတွေဖြစ်ရင် အကြောင်းကြားဖို့ ကျွန်မတို့ပြောထားပါ”ဟု ဒေါက်တာခင်ခင်ကြီးကဆိုသည်။

နယ်စပ်ဝင်ထွက်ပေါက်များတွင်ရောဂါစောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်နေမှုများကို အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စုဝန်ကြီးရုံး ညွန့်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။