News

POST TYPE

NEWS

သံသယလူနာကို ထိတွေ့ခဲ့သော မန္တလေးဆေးရုံမှဆရာဝန်ကို စောင့်ကြည့်လူနာ သတ်မှတ်
08-Mar-2020


မန္တလေး၊ မတ် ၈

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာကို ထိတွေ့ကုသမှုပေးခဲ့သော အမျိုးသားဆရာဝန်တစ်ဦးကို ယနေ့(မတ်လ ၈ ရက်နေ့)တွင် ကန်တော်နဒီဆေးရုံ၌ စောင့်ကြည့်ထားကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံ ဒုတိယဆေးရုံအုပ် ဒေါက်တာကျော်ခင်က ပြောကြားသည်။

ဝက်လက်မြို့နယ်မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာအမျိုးသားကို ကုသပေးခဲ့သည့် အရေးပေါ်ဌာနမှဆရာဝန်ကို ယနေ့ နံနက် ၂ နာရီခွဲခန့်က ကန်တော်နဒီဆေးရုံသို့ပို့ဆောင်ကာ စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသပြီး ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာတွေ့ရှိသဖြင့် မန္တလေး ကန်တော်နဒီဆေးရုံတွင် လွှဲပြောင်းခဲ့သောလူနာမှာ မတ်လ ၈ ရက်နေ့အထိ သုံးဦးရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှ အသက် (၃၅) နှစ်အရွယ်အမျိုးသားသည် မတ် ၅ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၆ ရက်နေ့တွင် မန္တလေးကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ကြောင်း၊ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရာ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဋ္ဌာနက မတ်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။



၎င်းအပြင် မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက် (၇၁) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်းဝေဒနာခံစားခဲ့ရပြီး အသက်ရှူကြပ်ခြင်း ဝေဒနာ များခံစားခဲ့ရသဖြင့် မတ် ၇ ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပြသခဲ့ကြောင်း၊ လူနာမှာ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားရာဇဝင်နှင့် သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် ကန်တော်နဒီဆေးရုံသို့ ညွန်းပို့ထားကြောင်း၊ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများတွေ့ရှိသဖြင့် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် တက်ရောက်နေသည့် အသက် ၆၈ နှစ် အရွယ် သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးသည် မတ်လ ၆ ရက်နေ့ နံနက်က သေဆုံးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်မဟုတ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

S-02