News

POST TYPE

NEWS

စီမံကိန်းဘဏ်ဝက်ဘ်ဆိုက် စတင်လွှင့်တင်
29-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)တို့ ပူးပေါင်း၍ စီမံကိန်းဘဏ်ဝက်ဘ်ဆိုက်ကို ဖေဖော်ဝါရီလ၂၈ ရက်နေ့က စတင်လွှင့်တင်လိုက်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ဝက်ဘ်ဆိုက် စတင်လွှင့်တင်ခြင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် GIZ မှ Country Director Dr. Petra Shill တို့က စက်ခလုတ်နှိပ်၍ နေပြည်တော် သင်္ဂဟဟိုတယ်တွင် စတင်လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းဘဏ် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများအားလုံးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအနေနှင့် Myanmar Sustainable Development Plan-MSDP ကို အကောင်အထည်ဖော်ရာတွင် ကြိုတင်တွက်ဆနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ပေါင်းစပ်ဆက်သွယ်မှုများ အားကောင်းရန်နှင့် ပြည်တွင်း၊ ပြည်ပမှပုဂ္ဂလိက ကဏ္ဍများအနေနှင့် MSDP ကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်နှင့် ရှင်းလင်းလွယ်ကူ၍ညီညွတ်မှုရှိသည့် ယန္တရားတစ်ရပ်တည်ဆောက်နိုင်ရန်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာတွင် Project Bank သို့ တင်သွင်းထားသည့် စီမံကိန်းများ၏ အချက်အလက်များကိုလည်းကောင်း၊ တာဝန်ယူဆောင်ရွက်မည့် အစိုးရအဖွဲ့အစည်းများကိုလည်းကောင်း၊ ထောက်ပံ့မှုပုံစံများတို့ကိုလည်းကောင်း၊ ဆက်စပ်ညွှန်ကြားချက်များကိုလည်းကောင်း ၊ စီမံကိန်းဖြည့်စွက် အဆိုပြုလွှာပုံစံများကိုလည်းကောင်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် နိုင်ငံ၏ရုပ်ဝတ္ထုနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ထိရောက်စွာတည်ဆောက်နိုင်ရန်နှင့် ဘဏ္ဍာရေးယန္တရားကို ထူထောင်၍ဆောင်ရွက်ကြရန် ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များကို ဖိတ်ခေါ်ကြောင်း ၊ စီမံကိန်းဘဏ် ရေရှည်တည်တံ့ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ အားကောင်းလာစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း ဦးစိုးဝင်းက ပြောဆိုသည်။

S-07