News

POST TYPE

NEWS

ကိုယ်စားလှယ်များအနေဖြင့် အပြောအဆိုလွန်ကျွံလာပါက အရေးယူမည့်ဟု လွှတ်တော်နာယက ပြော
27-Feb-2020


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

လွှတ်တော်အတွင်း ဆွေးနွေးပြောကြားမှုများတွင် ကိုယ်စားလှယ်များအနေဖြင့် အပြောအဆိုလွန်ကျွံလာပါက နာယက၏ လုပ်ပိုင်ခွင့်အမိန့်ဖြင့် အရေးယူမည့်အနေအထားရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်သည်။

“နာယကအနေနဲ့ စီမံခန့်ခွဲခွင့်အရ အရေးယူလို့ရပါတယ်။ သူ့အဆင့်အလိုက်ရှိပါတယ်။ သိပ်လွန်လာရင် ဥပဒေအရ တရားစွဲဆိုတဲ့အဆင့်အထိ အရေးယူနိုင်တဲ့ အနေအထားမျိုးရှိပါတယ်”ဟု နာယက က ဆိုသည်။

ဖေဖော်ဝါရီ ၂၇ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေမူကြမ်းကို ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးနေခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုး ဆွေးနွေးမှုအပြီး တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက ကန့်ကွက်စကားဆိုရာတွင် အထက်ပါအတိုင်း နာယက က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးချုပ် ကျော်ကျော်စိုး ကန့်ကွက်ပြောကြားစဉ်က ကန့်ကွက်သည့် အကြောင်းအရာ (စာသား) ကို လုံးကောက်ပြန်ကြည့်ပြီး နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်းနှင့် ညီညွတ်မှု ရှိ မရှိ ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း နာယက က ပြောကြားခဲ့သည်။

ဗိုလ်မှုးချုပ် ကျော်ကျော်စိုး ကန့်ကွက်သည့် စာသားမှာ ဒေါက်တာပြည့်ဖြိုးဆွေးနွေးသည့် အကြောင်းအရာထဲမှ ဗီတိုအာဏာ ဟူသော စကားလုံးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နောက်ထပ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးချုပ် တင်ဆွေက ကန့်ကွက်ပြောကြားရာတွင် မိုက်ကရိုဖုန်းကို ပိတ်ထားခြင်းကြောင့် မည်သည့်အရာကို ပြောဆိုကြောင်း မသိရပေ။

အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို ထပ်မံဆွေးနွေးရဦးမည်ဖြစ်သောကြောင့် ကိုယ်စားလှယ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ဂုဏ်သိက္ခာချသည့် စကားလုံးများကို မသုံးရန်နှင့် မိမိဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်၍ ပြောဆိုဆွေးနွေးမှုများ မပြုရန် နာယက က ထပ်လောင်းပြောကြားသည်။

“အားလုံးက တိုင်းပြည်အတွက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်တဲ့အချိန်မှာ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အမြင်မတူပေမယ့်။ အမြင်ကွဲပြားပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်သိက္ခာချတဲ့ဟာမျိုး မပါစေဖို့ အနူးအညွှတ်ပါတောင်းပန်ပါတယ်”ဟု နာယက ဦးတီခွန်မြတ်က ဆိုသည်။

အခြေခံဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၂၅ ရက်က ကိုယ်စားလှယ် ၁၅ ဦး၊ ၂၆ ရက်က ၁၉ ဦး၊ ဖေဖော်ဝါရီ ၂၇ (ယနေ့) တွင် ကိုယ်စားလှယ် ၂၉ ဦး ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးခြင်းအစီစဉ်ကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။

S-01