News

POST TYPE

NEWS

ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာအုပ်စု ဆည်ရေခန်းသဖြင့် ရေပြတ်
27-Feb-2020

လက်ပံတောင်းတောင်ဒေသတွင် ဆည်ရေနှင့် ရေတွင်းများ ရေခန်းခြောက်သွားသဖြင့် ဒေသအာဏာပိုင်များက မီးသတ်ရေသယ်ယာဉ်များဖြင့် လာရောက်ဖြန့်ဝေပေးနေသည်ကို တွေ့ မြင်ရစဉ်

မုံရွာ ဖေဖဝါရီ ၂၆

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင် ဆည်ရေနှင့်ရေတွင်းများ ရေခန်းခြောက်သဖြင့် ရေရှားပါးမှုကြုံနေရကြောင်း မိုးကြိုးပြင်ရွာအုပ်စု ဒေသခံများထံမှ သိရသည်။

မိုးကြိုးပြင်အုပ်စု အလယ်ရွာနှင့် တောင်ရွာတွင် အဓိကသုံးနေသော ဆည်နှင့်ဆည်အနီးရှိ ရေတွင်းများ ယခုရက်ပိုင်းအတွင်း ရေခန်းသွားသဖြင့် သောက်သုံးရေခက်ခဲသွားကြောင်း မိုးကြိုးပြင်အလယ်ရွာမှ ဦးဝင်းကျော်က ပြောကြားသည်။

“အလယ်ရွာက သုသာန်အနောက်မှာရှိတဲ့ မိုးရေဆည်ကန် ခန်းသွားတယ်။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက် တစ်ခါမှ မကြုံဖူးပါဘူး၊ ဆည်အောက်က ရေတွင်းတွေလည်း ခန်းသွားတော့ သောက်သုံးရေ မရှိတော့ပါဘူး။ ရေအလှူခံနေရ ပါတယ်။ နွေရာသီအတွက် စိုးရိမ်နေရ ပါပြီ”ဟု ၎င်းကပြောဆိုသည်။

လက်ပံတောင်းတောင်ဒေသတွင် ကြေးနီစီမံကိန်းမှ သောက်သုံးရေ ရရှိရန် စီစဉ်ထားရှိမှု မရှိကြောင်း၊ မိုးကြိုးပြင် အလယ်ရွာ၊ တောင်ရွာနှင့် ဆည်တည်းရွာတို့တွင် ကန်ရေ၊ ဆည်ရေကိုသာ အဓိကထား သုံးစွဲရသဖြင့် နွေရာသီအတွက် ရေပြတ်မှုကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့်မိုးရာသီတွင် မိုးနည်းခြင်း၊ ဆည်အတွင်း အစိုဓာတ်ခံနည်းသဖြင့် ဆည်ရေခန်းခြင်းဖြစ်နိုင်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

မြို့နယ်အုပ်ချုပ်ရေးပိုင်းက ရေရရှိဖို့ အလျင်အမြန် ဆောင်ရွက်စေလိုသည်ဟု ဒေသခံများက ပြောဆိုနေကြပြီး လက်ရှိတွင် လက်ပံတောင်းတောင် ဝန်းကျင်ရွာများက မီးသတ်ယာဉ်များဖြင့် ယမန်နေ့က ရောက်လာလှူတန်းခဲ့သည်ဟု ဇီးတောရွာ သစ်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်ဆိုသည်။

ယင်းသို့ ရေပြတ်နိုင်ဖွယ်ရှိသဖြင့် အစိုးရဝန်ကြီးများနှင့် ကုမ္ပဏီများက ကြိုတင်ပြင်ဆင်ထားကြောင်း၊ ကျေးရွာများအတွက် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့က ယင်းဒေသသို့ပေးနေသော ဒေသဖွံ့ဖြိုးရေး အရေးပေါ် ရန်ပုံငွေမှ ထုတ်သုံးရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားရန် လိုအပ်သည်ဟု ဆားလင်းကြီး မြို့နယ်အမှတ် ၁ မဲဆန္ဒနယ် မှ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောကြားသည်။ 

R-08