News

POST TYPE

NEWS

ကန်ကြီးထောင့်မြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်း ပြိုကျ
26-Feb-2020


ပုသိမ်၊ ဖေဖေါ်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မဒေါ့ကုန်း ကျေးရွာအုပ်စု၊ ပေါ်တော်မူကျေးရွာရှိ ပေါ်တော်မူ မူလတန်းကျောင်းမှာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ညက ပြိုကျသွားကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

စာသင်ခန်း ၃ ခန်းရှိသည့်အနက် တည်ဆောက်ထားသောသစ်များကို ချစားနေသည့်အခန်းမှ စတင်ပြိုခြင်းဖြစ်ကြောင်း ကျောင်းဆောင်တစ်ဆောင်တည်းသာ ရှိသဖြင့် စာသင်ကြားရေးနှင့် စာမေးပွဲဖြေဆိုရန်အတွက် ယင်းကျောင်းအနီးရှိ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွင် ယာယီအားဖြင့်ဆောင်ရွက်ပေးထားကြောင်း ဆက်သိရသည်။



“လူကိုထိခိုက်မှု မရှိပါဘူး ကျန်တဲ့အခန်းတွေကလည်း ခြစားထားတော့ အန္တရယ် အချိန်မရွေးဖြစ်နိုင်တယ်၊ စာသင်ကြားလို့ရတဲ့ အခြေအနေမရှိလို့ ကျောင်းသားကျောင်းသူတွေ စာသင်ကြားဖို့နဲ့ စာမေးပွဲဖြေနိုင်ဖို့အတွက် မြို့နယ်ပညာရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဘုရားကျောင်းမှာ စီစဉ်ပေးထားတာပါ” ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက The Voice ကိုပြောသည်။

ပြိုကျသွားသည့် ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူက ၅၈ ဦးရှိကြောင်းလာမည့် ပညာသင်နှစ်တွင် ကျောင်းသားဦးရေ တိုးလာ၍ ဘုရားရှိခိုးကျောင်းတွင် ယာယီသင်ကြားရေး အစဉ်မပြေပါက ဒေသတွင်းရှိ ဝါးဖြင့် ယာယီကျောင်းဆောက်ကာ သင်ကြားရေးကို စီမံပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ စီမံ/ဘဏ္ဍာ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက ပြောသည်။

“၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ပေ ၆၀ × ပေ ၃၀ ကျောင်း ဆောင်သစ်ကို ဘတ်ဂျက်ငွေကျပ် ၃၂ ဒသမ ၄ သန်းနဲ့ ဆောက်ဖို့ခွင့်ပြုမိန့်ကျထားပြီးသားပါ အမြန်ဆုံး ဆာက်လုပ်ပေးသွားမှာပါ" ဟု ၎င်းက ဆက်ပြောသည်။

ပြိုကျသွားသည့် စာသင်ခန်း ၃ ခန်း ပါဝင်သော ကျောင်းဟောင်းမှာ ကွန်ကရစ် ဖိနပ်တိုင်တွင် ပျဉ်းကတိုး မဟုတ်သော ဒေသထွက်သစ်သားဖြင့် တိုင်ထောင်ကာ၊ ထရံကာ၊ သွပ်မိုး၊ အခင်းမြေသား ကျောင်းဆောင်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဝန်းကျင်က တည်ဆောက်ခဲ့သည့် ကျောင်းဆောင်ဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မောင်မျိုးထက် (ပုသိမ်)
R-04