News

POST TYPE

NEWS

ရပ်ထားသည့်ကျောင်းဆောင်သစ် ဆက်ဆောက်ပေးရန် ကန်ကြီးထောင့်ဒေသခံများ တောင်းဆို
26-Feb-2020


ပုသိမ်၊ ဖေဖေါ်ဝါရီ ၂၅

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် လက်ဆောင်ကွင်းကျေးရွာအုပ်စု၌ တည်ဆောက်မှုရပ်ထားသော လက်ဆောင်ကွင်းကျေးရွာ အခြေခံမူလတန်းကျောင်း ကျောင်းဆောင်သစ်အား လာမည့်ပညာသင်နှစ် ကျောင်းမဖွင့်မီ အပြီးတည်ဆောက်ပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုထားကြောင်း ကျောင်းအကျိုးတော်ဆောင်ကော်မတီထံမှ သိရသည်။ 

၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်း အပြီးတည်ဆောက်ရန် Ever Place ကုမ္ပဏီက ကတိကဝတ်ပြု တည်ဆောက်ခဲ့သော်လည်း လုပ်ငန်း၏ ၅၀ ခိုင်နှုန်းပြီးစီးကြောင်း စစ်ဆေးခံပြီးနောက် ဆက်လက်ဆောက် လုပ်ခြင်းမရှိသည်မှာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီဖြစ်၍ တာဝန်ရှိသူများထံ တင်ပြရခြင်းဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင် ဦးရဲထွဋ်ဝင်းက ပြောကြားသည်။ 

“ရွာက ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘများဆန္ဒအရ တင်ပြတာပါ၊ ကျောင်းဆောင်အဟောင်းက အတော်လေးပျက်စီးနေတော့ လာမယ့်နှစ်ကျောင်းဖွင့်ချိန် မိုးရာသီမှာဆိုရင် ကလေးတွေစာသင်ကြားမှုမှာ အဆင်မပြေနိုင်ဘူး”ဟု ၎င်းက ပြောဆိုသည်။ 

မူလတည်ဆောက်ထားသည့် ကျောင်းအဟောင်းမှာ လှေကား၊ လက်ရန်း၊ ကြမ်းခင်း နှင့် ခုံများ အလုံးစုံ ပျက်စီးနေပြီဖြစ်ကြောင်း၊ ကျေးရွာအတွင်း အလှူငွေကောက်ခံပြုပြင်ရန်မှာလည်း ဒေသ၏စီးပွားရေးအခြေအနေနှင့် ပညာရေးဝန်ထမ်းများအား အလှူငွေကောက်ခံခြင်းမပြုရန် ညွှန်ကြားထားသောကြောင့် အဆင်မပြေကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်။ 

“ကုမ္ပဏီက (၂၀၁၉ခုနှစ်) ၇ လပိုင်းမှာ လာဆောက်တယ်။ ၉ လပိုင်းထဲကျတော့ ၅၀ ရာခိုင်နှုန်း ပြီးသွားတယ်။ ပြီးသွားတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ် ပညာရေးမှူးတွေပါတယ်၊ QC လာစစ်တယ်။ ကျန်တဲ့အပိုင်းကို နောက်တစ်ပတ်လောက်ကြာရင် ဆောက်ပေးမယ်လို့ပြောခဲ့တယ်။ အဲဒီကတည်းက ပြန်သွားလိုက်တာ အခုထိ ဘာမှလည်းအကြောင်းမကြားဘူး၊ လာပြီးတော့လည်း ဆောက်မပေးဘူး။ အဲဒီလိုဖြစ်နေတယ်”ဟု ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။ 

ကန်ကြီးထောင့်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောင်းပေါင်း ၂၂ ကျောင်း တည်ဆောက်ခွင့်ရရှိခဲ့ပြီး စာသင်ကျောင်း ငါးကျောင်းသာ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း၊ ဘတ်ဂျက်ချထားချိန်နှင့် မိုးရာသီကာလနီးစပ်သွားပြီး တည်ဆောက်ရေးလုပ်ငန်း အခက်အခဲဖြစ်ကာ သတ်မှတ်ချိန်တွင် မပြီးစီး၍ ဘတ်ဂျက်ငွေများ ပြန်လည်ပေးအပ်ခဲ့ရကြောင်း၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေကို ဧရာဝတီတိုင်းလွှတ်တော်တွင် မေးခွန်းမေးမြန်းရန် စီစဉ်ထားကြောင်း တည်ဆောက်မှုအရည်သွေး စစ်ဆေးမှုအဖွဲ့ဝင် ကန်ကြီးထောင့်မြို့ အမှတ် (၁) မဲဆန္ဒမှ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ပြောကြားသည်။ 

လက်ဆောင်ကွင်းကျေးရွာ မူလတန်းကျောင်း ကျောင်းဆောင်သစ်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၃၃၀ ကျော်ဖြင့် တည်ဆောက်ခွင့်ရရှိခဲ့ပြီး ၂၁၀၉ ခုနှစ် ဇူလိုင်လတွင် Ever Place ကုမ္ပဏီမှ လာရောက်တည်ခဲ့ရာ ၅၀ ရာနှုန်းအထိ ပြီးစီးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

R-04