News

POST TYPE

NEWS

ခေတ်မီစမ်းသပ်ကိရိယာများမရှိသဖြင့် လမ်းဘေးအကြော်ဆိုင်မှ ဆီများကို စစ်ဆေးနိုင်ခြင်းမရှိ
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစမ်းသပ်ကိရိယာများ မရှိသဖြင့် လမ်းဘေးအကြော်ဆိုင်များရှိ စားသုံးဆီများကို စစ်ဆေးနိုင်ခြင်းမရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပရာတွင် လမ်းဘေး အကြော်ဆိုင်များတွင် အသုံးပြုနေသော စားသုံးဆီများကို စစ်ဆေးဆောင်ရွက်သွားရန် အစီအစဉ်ရှိ။မရှိ သိရှိလိုပါကြောင်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးမြန်းချက်ကို ဖြေကြားရာတွင် မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စည်ပင်သာယာရေး ကော်မတီအဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေမှာ စားသုံးဆီတွေနဲ့ အစားအသောက်၊ ဆေးဝါးတွေကို စစ်ဆေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း မရှိပါဘူး။ သံသယရှိတဲ့ဟာကို သိမ်းပြီးတော့ သက်ဆိုင်ရာဌာနတွေကို ပေးပို့ပြီး စပ်သပ်ခိုင်းရပါတယ်” ဟု မြို့တော်ဝန်က ဆိုသည်။

စားသုံးဆီများသည် တရားဝင်လမ်းကြောင်းရော တရားမဝင်လမ်းကြောင်းကပါ ဝင်ရောက်နေပြီး အခြားနိုင်ငံများတွင် သုံး၊ လေးကြိမ်ခန့် ကြော်ပြီးသား အရည်အသွေးကျဆင်းနေ သည့်ဆီများကို နည်းလမ်းမျိုးစုံဖြင့် ပြုပြင်ပြီး မြန်မာနိုင်ငံအတွင်း တင်သွင်းနေကြောင်း၊ ယင်းမသန့်ရှင်းသော စားသုံးဆီများကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါတို့အပြင် ကင်ဆာရောဂါများပါ ဖြစ်ပွားလျက်ရှိကြောင်း ဦးရန်ရှင်းက ထောက်ပြပြောဆိုသည်။ 

“အထူးသဖြင့် စစ်ဆေးစေချင်တာကတော့ လမ်းဘေးအကြော်ဆိုင်လေးတွေ စစ်ဆေးစေချင်ပါတယ်။ လမ်းဘေးအကြော်ဆိုင်ဆိုတာက ဝယ်ယူစားသုံးကြတဲ့သူတွေ အများဆုံးပါ။ ကျွမ်းကျင်ပညာရှင်ထားဖို့ အခက်အခဲတွေ၊ စစ်ဆေးရန် ကိရိယာအတွက် ဝယ်ယူဖို့ကုန်ကျစရိတ် အခက်အခဲတွေရှိရင် လွှတ်တော်ကို တင်ပြပေါ့။ ထိုက်သင့်တဲ့ ကုန်ကျစရိတ်တွေကို လွှတ်တော်ဘက်က အတည်ပြု ပေးနိုင်တာပေါ့” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီအနေနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဆောင်ရွက်လျက်ရှိပြီး လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်များတွင် သုံးစွဲသည့် ဆီများကို နမူနာယူကာ စားသုံးရန် သင့်၊ မသင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။

S - 08