News

POST TYPE

NEWS

မြန်မာသင်္ဘောသားများကို ပြစ်ဒဏ်မှ လွတ်ကင်းခွင့်ပြုရန် မြန်မာသံရုံး တောင်းဆို
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံ အကျဉ်းစခန်းများတွင် ထိန်းသိမ်းထားသည့် မြန်မာသင်္ဘောသားများကို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ပြစ်ဒဏ်မှ လွတ်ကင်းခွင့်ပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မြန်မာသံရုံးမှ စာပေးပို့ထားကြောင်း မြန်မာ သံရုံး(ဘေဂျင်း) က ထုတ်ပြန်သည်။

ဘေဂျင်းမြို့ရှိ မြန်မာသံရုံးအနေနှင့် တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရ သည့် မြန်မာသင်္ဘောသားများ၏ နေရေး၊ စားရေး ကျန်းမာရေးတို့အား ဂရုပြုပေးရေး၊ ရာသီဥတုနှင့်လျော်ညီစွာ ထားရှိရေး၊ ဆောလျင်စွာအမှုစစ်ပေးရေးနှင့် လက်ရှိရောဂါ ဖြစ်ပွားမှုအပါအဝင် လူသားချင်း စာနာထောက်ထားခြင်းတို့အရ လျှော့ပေါ့သက်ညှာစွာ စဉ်းစားပေးရေးနှင့် ဖြစ်နိုင်ပါက ပြစ်ဒဏ်မှ ကင်းလွတ် ခွင့်ပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စာပေးပို့တောင်းဆိုထားသည်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

မြန်မာသံရုံး (ဘေဂျင်း) တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ နောက်ဆုံး လက်ခံရရှိထားသည့် စာရင်းများအရ တရုတ်နိုင်ငံရှိ ပြည်နယ်နှင့် မြူနီစီပယ် (၈) ခုတို့ရှိ ထိန်းသိမ်းရေးနှင့် အကျဉ်းစခန်း ၁၈ ခုတို့တွင် တရားမဝင်မှောင်ခို ပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် အမှုရင်ဆိုင်နေရခြင်းနှင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာသင်္ဘောသား ၆၃ ဦးရှိပြီး ၎င်းထိန်းသိမ်းရေးစခန်းနှင့် အကျဉ်း စခန်း ၁၈ ခုတို့၏ တာဝန်ခံများထံ ဆက်သွယ်မေးမြန်းရာ မြန်မာသင်္ဘောသားများအားလုံး ကျန်းမာနေပြီး ရောဂါကူးစက်ခံရခြင်းမရှိသလို ထိန်းသိမ်းရေးစခန်း ၁၈ ခုတွင်လည်း ရောဂါကူးစက်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရုတ်နိုင်ငံရှိ တာဝန်ရှိသူများ၏ ရှာဖွေစစ်ဆေးချက်များအရ တရုတ်နိုင်ငံရှိ ဟူပေ၊ ရှန်တုန်းနှင့် ကျက်ကျန်း ပြည်နယ်များရှိ အကျဉ်းစခန်း ၅ ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၀ ဦး ရှိပြီး အခြားသော အကျဉ်းစခန်းများတွင် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် လက်ရှိကူးစက်ခံနေရသူများကိုလည်း သီးခြားခွဲ၍ ကျန်းမာရေးစောင့်ရှောက်လျက်ရှိသည်ဟုလည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ရှစ်သောင်းကျော်ရှိပြီး သေဆုံးသူ နှစ်ထောင့်ခြောက်ရာကျော်၊ ပြန်လည်ပျောက်ကင်းသူ နှစ်ထောင့်ခုနစ်ရာ ကျော်ရှိကြောင်း နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။

S-09