News

POST TYPE

NEWS

ခြေ/ဥ ပြင်ဆင်ရေး စတင်ဆွေးနွေးချိန်တွင် အပြန်အလှန်ကန့်ကွက်မှုများဖြစ်
26-Feb-2020
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို ယနေ့တွင်စတင်ဆွေးနွေးနေပြီဖြစ်ပြီး ဆွေးနွေးချက်များအပေါ် ကန့်ကွက်မှုများရှိနေကြောင်း လွှတ်တော်မှတ်တမ်းများတွင် တွေ့ရှိရသည်။

ဆွေးနွေးမှုမစတင်မီ တပ်မတော်က တင်သွင်းထားသည့် ပြင်ဆင်ချက်ပါ "တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများ ခန့်အပ်သည့်အခါ လွှတ်တော်သို့ အကြောင်းကြားရမည့်အပြင် နိုင်ငံတော်သမ္မတထံသို့ပါ ပေးပို့တင်ရမည်" ဟူသော စာသားကျန်ခဲ့သဖြင့် တပ်မတော်က ဦးစွာကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။

အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းသည် ဖေဖော်ဝါရီလ ၁၀ ရက်က လွှတ်တော်ကိုယ်စားလှယ်များထံ စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး တပ်မတော်အနေနှင့် ယနေ့ရောက်မှသာ လွှတ်တော်အစည်းအဝေးခန်းမအတွင်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ကန့်ကွက်သူမှာ ဗိုလ်မှူးချုပ်အောင်စန်းချစ်ဖြစ်ပြီး ပူးပေါင်းကော်မတီမှ ပယ်ဖျက်ခြင်းမရှိကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြန်လည်ဖြေရှင်းချိန်တွင် အစည်းအဝေးခန်းမအတွင်း အော်ဟစ်ကန့်ကွက်ခဲ့သူမှာ ဗိုလ်ချုပ်တင်ဆွေဝင်းဖြစ်ကာ လူမှုကွန်ရက်တွင် ၎င်းကိုဝေဖန်မှုများမြင့်တက်ခဲ့သည်။

ဗိုလ်ချုပ်တင်ဆွေဝင်း၏ အော်ဟစ်ပြောဆိုခဲ့မှုအပေါ် လွှတ်တော်နာယက ဦးတီခွန်မြတ်က "အစောတုန်းကလို ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာများမပြုဖို့ ပြောကြားလိုပါတယ်" ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ဗိုလ်မှူးချုပ်အောင်ဆန်းချစ်ပြောကြားချက်တွင် "ကျွန်တော့်တင်ပြချက်မှာ မူလပြဋ္ဌာန်းချက်သည် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့လည်းကောင်း အကြောင်းကြားရမည်ဆိုတဲ့  စကားရပ်ကို ကျွန်တော့်အနေနဲ့ ပြင်ဆင်ဖြည့်စွက်ချက်တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်ကတော့ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များသို့ အကြောင်းကြားရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော်သမ္မတထံသို့လည်း တင်ပြရမည်လို့ ပြင်ဆင်ချက်ပေးထားပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ၁၀ ရက်၊ ၂ လ၊ ၂၀၂၀ ရက်နေ့ကန့်လန့်ဖြတ်ဇယား ဖြန့်ဝေခြင်းမှာ ပြင်ဆင်ချက်ဇယားမှာ မှားယွင်းပြီးတော့ဖော်ပြခဲ့ပါတယ်။ ပြင်ဆင်ချက်မှာတော့ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသို့ အကြောင်းကြားရမည်ဆိုတဲ့အထိပဲပါပြီး ဆက်လက်ပြီးတင်ပြ ထားတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော်သမ္မတထံသို့လည်း တင်ပြ ရမည်ဆိုတဲ့စာသားကို ပယ်ဖျက်ပြီးတော့ တင်ပြလာတာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ အရ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာစိစစ်ရန်သာရှိပြီး ပယ်ဖျက်ခြင်းပြုလုပ်ထားခြင်းအပေါ်မှာ ကျွန်တော့်အနေနဲ့ ကန့်ကွက်ပါတယ်။ ဒီလိုသေချာစွာမစိစစ်ဘဲ ပြုလုပ်ထားခြင်းအပေါ်ကို ကျွန်တော် ကန့်ကွက်ပါတယ်။ ဒါကြောင့် ဒီဥပဒေမူကြမ်းများကို မှန်ကန်မှုရှိ ၊ မရှိ သေချာစွာ ပြန်လည်စိစစ်သင့်ပါကြောင်း တင်ပြပါတယ်" ဟု ပါရှိသည်။

အစည်းအဝေးခန်းမအတွင်း ထအော်ကန့်ကွက်ခဲ့သည့်ကိစ္စကို NLD ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့ပြီး နာယက၏ လုပ်ဆောင်ခွင့်အရ အရေးယူဆောင်ရွက်နိုင်ရန် နောက်ထပ်တစ်ဦးက တင်ပြပြောကြားခဲ့သည်ကို တွေ့ရသည်။

ယင်းအပြင် ကြံ့ခိုင်ရေးပါတီဝင် ဦးစိုင်းသန်းနိုင် ပြောဆိုဆွေးနွေးသွားသည့် အချက်များတွင်လည်း နာယက    ကိုယ်တိုင်တားမြစ်ထားပြီးဖြစ်သည့် ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ပုတ်ခတ်ပြောဆို ခြင်းမပြုရ ဟုဆိုသောအချက်ကို ဖောက်ဖျက်ကြောင်း ဦးအောင်ကြည်ညွှန့် အပါအဝင် NLD ကိုယ်စားလှယ် ၂  ဦးက ထကန့်ကွက်ခဲ့ကြသည်။

ယင်းအပြင် ကြံ့ခိုင်ရေးပါတီဝင် ဦးမောင်မြင့်၏ ပြောဆိုဆွေးနွေးချက် အချို့သည် လွှတ်တော် နည်းဥပဒေနှင့် ညီညွှတ်မှု မရှိဟုဆိုကာ NLD ကိုယ်စားလှယ်တစ်ဦးက ထပ်မံကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ယနေ့တွင် ၁၅ ဦး စတင်ဆွေးနွေးခြင်းဖြစ်ပြီး ထပ်မံကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း နာယက,က ကြေညာထားသည်။

S-01