News

POST TYPE

NEWS

ကိုရီးယားနိုင်ငံသူနှင့် အနီးကပ်ထိတွေ့ခဲ့သည့်ရန်ကုန်မြို့နေ ၂၂ ဦးကို အသွားအလာကန့်သတ်
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာကိုရီးယားနိုင်ငံသူနှင့် အနီးကပ်ထိတွေ့နေထိုင်ခဲ့သူ ၇ ဦးအပါအဝင် စုစုပေါင်း ၂၂ ဦးကို အသွားအလာကန့်သတ်လိုက်ပြီး ၁၄ ရက်ပြည့်သည်အထိ စောင့်ကြည့်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့သို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ အလည်အပတ်လာရောက်ခဲ့သည့် အသက် ၃၄ နှစ်အရွယ် ကိုရီးယားနိုင်ငံသူသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကိုရီးယားနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာအဖြစ် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူလျက်ရှိသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သတင်းရရှိခဲ့သည်။

"မလေးရှားမှာ အကြာကြီးနေခဲ့တယ်။ ဘယ်နိုင်ငံကကူးလဲ ပြောရခက်တယ်" ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ပြောကြားသည်။

အဆိုပါသတင်းအရ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၎င်းအမျိုးသမီးနှင့် အနီးကပ်ထိတွေ့နေထိုင်ခဲ့သူ ၇ ဦးနှင့် ယင်းတို့၏မိသားစုဝင် ၁၅ ဦး စုစုပေါင်း ၂၂ ဦးကို စုံစမ်းရှာဖွေပြီး ကျန်းမာရေးအခြေအနေစစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့အားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး လတ်တလော COVID-19 ရောဂါ သံသယလက္ခဏာများ ဖြစ်ပွားမှုမရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကိုးရီးယားအမျိုးသမီးနှင့် ထိတွေ့ခဲ့ သူ ၂၂ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်နေသူများဖြစ်ကြောင်း ၊ ၎င်းတို့နေထိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက အနီးကပ်စောင့်ကြပ်ကြည့်ရှုနေကြောင်း  ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

၎င်းတို့ ၂၂ ဦးကို COVID-19 နှင့် ပတ်သက်ပြီး ရောဂါလက္ခဏာတစ်စုံ တစ်ရာပေါ်ပေါက်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ရန်၊ နေအိမ်တွင် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ နေထိုင်စဉ်လိုက်နာရမည့် အချက်များအား တိကျစွာလိုက်နာရန် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့အား နေအိမ်တွင် သီးခြားထားရှိ၍ ရောဂါစောင့်ကြပ်ကြည့်ရှုမှုများကို နေ့စဉ်ဆောင်ရွက်မည်ဖြစ်ပြီး လူနာနှင့် နောက်ဆုံးတွေ့ခဲ့သည့်ရက်မှ ၁၄ ရက် ပြည့်သည်အထိ ဆက်လက်စောင့်ကြည့်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတကာသတင်းများအရ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀ဝ နီးပါး ရှိလာပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာပြီဖြစ်သည့်အတွက် ကျန်းမာရေးအဆင့်အနီရောင်ဖြင့် အရေးပေါ်အခြေအနေ သတ်မှတ် ထားသည်။ 

S-09